ဆန်းဒါးလန်းကွင်းမှာ ဖူဟမ်တို့ အနိုင်ရရှိခဲ့တာဟာ ထိုက်တန်တဲ့ရလဒ်ဖြစ်တယ်လို့ မာကိုဆေးလ်ဗား အခိုင်အမာဆို
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန်းဒါးလန်းကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အပေါ် ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားက အလွန်ပဲ ကျေနပ်အားရမိကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဧည့်သည်ဖူဟမ်အသင်းအတွက် ရာအူးလ်ဂျီမင်နက်ဇ်က နှစ်ဂိုးသွင်းယူခဲ့ပြီး အဲလက်စ်အီဝိုဘီကလည်း တစ်ဂိုး ထပ်မံသွင်းယူပေးခဲ့တာဖြစ်ကာ ဆန်းဒါးလန်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ အန်ဇိုလီဖီးက သွင်းယူပေးခဲ့တာပါ။
"ဒါဟာ ကြီးမားတဲ့ အနိုင်ရရှိမှုတစ်ခုပါပဲ၊ ဒီပွဲက ကျွန်တော်တို့အတွက် နောက်ထပ် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမယ်ဆိုတာကိုလည်း ကြိုတင်သိထားပါတယ်" လို့ ဆေးလ်ဗားက ဆိုပါတယ်။ "ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အံ့ဩစရာကောင်းတဲ့ ရလဒ်တွေ ဆက်တိုက်ရရှိခဲ့ပေမဲ့ အခုနောက်ပိုင်း ပရီမီယာလိဂ်မှာ ရလဒ်ပိုင်း အနည်းငယ်ကျဆင်းနေခဲ့ပါတယ်။ ဒါကြောင့် တခြားအသင်းတွေအတွက် ကစားရခက်ခဲတဲ့ ဆန်းဒါးလန်းရဲ့ကွင်းမှာ ကျွန်တော်တို့ နိုင်ပွဲပြန်ရှာချင်ခဲ့တာပါ" လို့ သူက ဆက်ပြောပါတယ်။
"သူတို့ကွင်းက ပရိသတ်တွေရဲ့ အားပေးမှုကလည်း အံ့ဩစရာကောင်းပြီး ပြိုင်ဘက်အသင်းတွေကို အခက်တွေ့အောင် လုပ်နိုင်တဲ့နေရာတစ်ခုပါ။ ဒါက သူတို့အတွက် အလုပ်ဖြစ်နေတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ကွင်းအခြေအနေက နှစ်သင်းလုံးအတွက် မပြည့်စုံခဲ့ပေမဲ့ ဒီလိုပွဲမျိုးမှာ ဘယ်လိုပုံစံနဲ့ ကစားရမလဲဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ အသင်းရဲ့ စုစည်းမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး ပြိုင်ဘက်ကို အားစိုက်ပြီး ဖိအားပေးကစားနိုင်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး ဆေးလ်ဗားက "ကျွန်တော်တို့ကို အမြဲတမ်း အခက်တွေ့အောင် ကစားနိုင်တဲ့ ဆန်းဒါးလန်းအသင်းကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ခြုံငုံကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရရှိခဲ့တဲ့ ရမှတ် ၃ မှတ်ဟာ ရသင့်ရထိုက်တဲ့ ရလဒ်တစ်ခုဖြစ်ပြီး ဒါဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ နိုင်ပွဲတစ်ခုပါပဲ" လို့ ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။