လီဂူးဝမ်းရဲ့ဘောလုံးအဆင့်အတန်းက သူထင်ထားတာထက် ပိုမြင့်မားနေလို့ အံ့အားသင့်နေတဲ့ ဒရို
ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ဒရိုဖာနန်ဒက်စ်က ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ ဘောလုံးအဆင့်အတန်းဟာ သူထင်ထားတာထက် ပိုမိုမြင့်မားနေလို့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။အသက်ငယ်ရွယ်သေးတဲ့ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့လကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြ လူးဝစ်အင်းနရစ်က သူ့ကို အသင်းကြီးလူစာရင်းထဲ ချက်ချင်းဆိုသလို ထည့်သွင်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
"အမှန်အတိုင်းပြောရရင် လီဂူးဝမ်းရဲ့ အဆင့်အတန်းက ဒီထက်ပိုပြီး နိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာပါ" လို့ ဒရိုက ဆိုပါတယ်။
"ပြိုင်ဘက်အသင်းတွေက တကယ်ကို တောင့်တင်းပါတယ်။ ပိုကောင်းလာအောင်လည်း ဆက်ပြီး ကြိုးစားသွားပါဦးမယ်။ ကိုယ်တိုင်လည်း အခြေအနေကောင်းတယ်လို့ ခံစားရပြီး အရာအားလုံးက တဖြည်းဖြည်းနဲ့ တိုးတက်လာနေပါပြီ။ ကျွန်တော် ဒီကိုလာတာက ပွဲကစားခွင့်ရဖို့၊ ကစားအားပြန်ရဖို့နဲ့ ကိုယ့်ရဲ့ဟန်ချက်ကို ပြန်ရှာဖို့အတွက်ပါ။ အခုလို အနိုင်ရခဲ့တဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒရိုဟာ ပီအက်စ်ဂျီအသင်းအတွက် သုံးပွဲအထိ ကစားပေးထားပြီးပြီဖြစ်ကာ စနေနေ့က မက်ဇ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် အပြည့်အဝပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။