ပရီးမီးယားလိဂ်စံချိန်သစ်တင်ပြီးနောက် ဆက်ကြိုးစားသွားမယ်လို့ ကြွေးကြော်ခဲ့တဲ့ ဂျိမ်းစ်မီလ်နာ
ဘရိုက်တန်ကွင်းလယ်လူဂျိမ်းစ်မီလ်နာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ပြီးနောက် ဆက်လက်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်သွားဦးမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိဝါရင့်ကွင်းလယ်လူက ဘရန့်ဖို့ဒ်ကို ဘရိုက်တန်တို့ ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ ပရီးမီးယားလိဂ် ၆၃၄ ပွဲမြောက်ကို ပါဝင်ကစားနိုင်ခဲ့လို့ ဂါရတ်ဘယ်ရီရဲ့စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
မီလ်နာက ကစားသမားဘဝတစ်လျှောက် လိဒ်စ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးနဲ့ အခုလက်ရှိဘရိုက်တန်အသင်းတွေမှာ ကစားခဲ့ဖူးပြီး နည်းပြဟာဇယ်လာလက်အောက် လူငယ်ကစားသမားတွေကိုလမ်းပြပေးရတဲ့ ဝါရင့်ကစားသမားတစ်ဦးအဖြစ် တာဝန်ယူနေရပါတယ်။
ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ မီလ်နာက သူ့ရဲ့ အခုလို သက်တမ်းရှည်ကြာစွာ ကစားနိုင်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"ဒါဟာ တက်ကြွမှုနဲ့ ဆာလောင်မှုကြောင့်ပါပဲ။ ပွဲစဉ်မှာဖြစ်ဖြစ်၊ လေ့ကျင့်ရေးကွင်းမှာဖြစ်ဖြစ် နေ့တိုင်း အကောင်းဆုံးဖြစ်ချင်တဲ့စိတ်ရှိနေလို့ပါ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ လူငယ်ကစားသမားလေးတွေ အများကြီးရှိနေတော့ သူတို့ရဲ့ ကစားသမားဘဝတိုးတက်ဖို့အတွက် ကူညီပေးချင်တယ်။ သူတို့ကို တွန်းအားပေးပြီး အမြင့်ဆုံးအဆင့်ကို အမြန်ဆုံးရောက်နိုင်အောင် ကူညီပေးချင်ပါတယ်။ ဒါက ကျွန်တော် ဒီမှာရှိနေရတဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်တော် ကွင်းထဲမှာ မိနစ်အနည်းငယ်လောက်တော့ ဆက်ပြီး စွမ်းဆောင်နိုင်သေးတယ်လို့ ခံစားရပါတယ်။ ဒီနှစ်မှာ ပွဲကစားခွင့်သိပ်မရလို့ နည်းနည်းတော့စိတ်ပျက်မိပေမဲ့ ဒါက အချိုးအစားမျှတအောင် လုပ်ရမယ့်ကိစ္စမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လူငယ်ကစားသမားတွေကိုလည်း မြေတောင်မြှောက်ပေးရမှာဖြစ်သလို နိုင်ပွဲရရှိဖို့လည်း လိုအပ်နေလို့ ဖြစ်ပါတယ်" လို့ မီလ်နာက ပြောပါတယ်။
"ပြီးခဲ့တဲ့ပွဲအနည်းငယ်မှာလည်း ကွင်းတွင်းမှာ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေ ရှိသေးတယ်ဆိုတာ သက်သေပြနိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရတာ၊ ပြီးတော့ စရိုက်လက္ခဏာကောင်းမွန်ပြီး ထူးချွန်တဲ့ကစားသမားတွေနဲ့အတူ တက်ကြွတဲ့နည်းပြကောင်းတစ်ဦးရှိတဲ့ အသင်းဝတ်လဲခန်းထဲမှာရှိနေရတာကို တကယ်ပဲဝမ်းသာမိပါတယ်။ ဘောလုံးလောကမှာ အရာအားလုံးက မြန်မြန်ဆန်ဆန်ပြောင်းလဲတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ပိုပြီးတော့တောင် မြန်နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် ကျွန်တော်ဆိုရင် ခြောက်လလောက် ခြေထောက်ကို မမြှောက်နိုင်ခဲ့ပါဘူး။ အခုတော့ ကျွန်တော် ဆက်ပြီး ကြိုးစားသွားပါဦးမယ်။ ဘယ်အထိရောက်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။