ယူနိုက်တက်အတွက် ပြန်ကစားနိုင်မယ့်အချိန်ကို သတ်မှတ်လိုက်တဲ့ ဒီလစ်ချ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ မက်သိုက်စ်ဒီလစ်ချ်ဟာ လာမယ့် မတ်လမှာ ကွင်းထဲပြန်ဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဒီလစ်ချ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ကျောရိုးဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းနဲ့ လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ နယ်သာလန် လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်အသင်းရဲ့ အဆင့် ၄ အတွင်းဝင်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းမှုတွေမှာ အချိန်မီ ပြန်လည်ကူညီပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။
ဒီလစ်ချ်ဟာ ပြီးခဲ့တဲ့လက ဒဏ်ရာပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေရင်း အခြေအနေ ပြန်ဆိုးသွားတာမျိုးရှိခဲ့ပေမဲ့ အခုအချိန်အထိတော့ ခွဲစိတ်မှုခံယူရမယ့်အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့တင်မကဘဲ ဒီနယ်သာလန်နောက်ခံလူဟာ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နယ်သာလန်အသင်းနဲ့အတူ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။