The network connection is lost.

Banner Image

ဖူလ်ဟမ်ဂိုးသမား စတီဗင်ဘန်ဒါကို ဗန်ပါစီရဲ့ ဖီယင်နုအသင်းက အငှားနဲ့ ခေါ်ယူ

ဖူလ်ဟမ်အသင်းရဲ့ ဂျာမနီဂိုးသမား စတီဗင်ဘန်ဒါကို နယ်သာလန်ကလပ် ဖီယင်နုအသင်းက အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း နယ်သာလန်အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ နာရီပိုင်းအလိုမှာပဲ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဒါဟာ ရော့တာဒမ်အခြေစိုက် ဖီယင်နုအသင်းနဲ့ ၆ လသက်တမ်းရှိ အငှားစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ သူဟာ အသင်းရဲ့ ပထမဂိုးသမားဖြစ်သူ လူမျိုးတူ ဂျာမနီသား တီမွန်ဝယ်လင်ရူသာရဲ့ အရံဂိုးသမားအဖြစ် တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

စတီဗင်ဘန်ဒါဟာ အခုရာသီရဲ့ ပထမပိုင်းကာလကို မီဝေါလ်အသင်းမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်ပြီး အဲဒီမှာ ၁၁ ပွဲ ပါဝင်ကစားခွင့်ရခဲ့ကာ Clean Sheet ၃ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဖီယင်နုအသင်းဟာ သူတို့ရဲ့ ဒုတိယဂိုးသမား ဂျပ်စတင်ဘိုင်လို ဇန်နဝါရီလအစောပိုင်းက ဂျီနိုအာအသင်းကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း အရန်ဂိုးသမားသစ်တစ်ဦးကို အသည်းအသန် ရှာဖွေနေခဲ့တာပါ။

အစောပိုင်းက မစ်ဒယ်ဘရော့ဂိုးသမား ဆီနီဒယန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အပြောင်းအရွှေ့ ပျက်ပြားသွားခဲ့တာကြောင့် ဖီယင်နုအသင်းဟာ ဖူလ်ဟမ်းဂိုးသမား စတီဗင်ဘန်ဒါကို အစားထိုးပစ်မှတ်ထားပြီး အခုလို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘန်ဒါဟာ ၂၀၂၃ ခုနှစ်မှာ ဆွမ်ဆီးစီးတီးအသင်းကနေ ဖူလ်ဟမ်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းကြီးအတွက် ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ စုစုပေါင်း ၄ ပွဲ ပါဝင်ကစားပေးထားတယ်လို့ သိရပါတယ်။