The network connection is lost.

Banner Image

ရော်နယ်ဒိုနဲ့ မက်ဆီ တစ်သင်းတည်းမှာ အတူကစားနိုင်ဖို့ ဘက်ခမ်းတစ်ယောက်သာစွမ်းဆောင်နိုင်တယ်လို့ဆိုလိုက်တဲ့ အက်ဒ်ဝပ်စ်

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ အင်တာမိုင်ယာမီအသင်းအတွက် အတူတူ ပူးပေါင်းကစားပေးနိုင်ဖွယ်ရှိတယ်လို့ ဘောလုံးဝေဖန်သုံးသပ်သူ အက်ဒ်ဝပ်စ်က အခိုင်အမာပြောကြားလာခဲ့ပါတယ်။

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘောလွန်းဒီအော်ဆု ကို ရှစ်ကြိမ်အထိ စံချိန်တင် ဆွတ်ခူးထားသူဖြစ်ပြီး ရော်နယ်ဒိုကတော့ ငါးကြိမ်နဲ့ ဒုတိယအများဆုံး ရရှိထားသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးပေါ်တစ်ဦး လေးစားမှုရှိကြပေမယ့် ရင်းနှီးတဲ့ သူငယ်ချင်း တွေတော့ မဟုတ်ကြဘူးလို့ မက်ဆီက ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ အောင်မြင်မှုတွေ ရှာဖွေနေပြီး မက်ဆီကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် ဂန္ထဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ကစားသမားဘဝရဲ့ နောက်ဆုံးနှစ်တွေကို ဖြတ်သန်းနေပြီဖြစ်တာကြောင့် အသင်းတစ်သင်းတည်းမှာ အတူတူယှဉ်တွဲ ကစားတာကို မြင်တွေ့ရမလားဆိုတာဟာ ပရိသတ်တွေအတွက် ဖြစ်နိုင်ခြေမရှိတဲ့ အိမ်မက်တစ်ခုလို ဖြစ်နေခဲ့တာပါ။

ဘောလုံးဝေဖန်သူ အက်ဒ်ဝပ်စ်က ဂိုးလ် (GOAL) သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားရာမှာတော့ တကယ်လို့ အဲဒီလို အတူတူကစားဖြစ်ခဲ့ရင် အင်တာမိုင်ယာမီဟာ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။

"တကယ်လို့ အဲဒီလို ဖြစ်လာနိုင်တဲ့ နေရာရှိတယ်ဆိုရင် အဲဒါဟာ အင်တာမိုင်ယာမီလို နေရာမျိုးပဲ ဖြစ်မှာပါ။ ကံမကောင်းစွာနဲ့ပဲ အဲဒီလို တကယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ အားလုံးကတော့ သူတို့နှစ်ဦး အနားမယူခင်မှာ အသင်းတစ်သင်းတည်းမှာ အတူတူ ပူးပေါင်းကစားပြီး အလုပ်လုပ်တာကို မြင်တွေ့ချင်ကြတာပါ" လို့ အက်ဒ်ဝပ်စ်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက "ဒါဟာ ဖြစ်လာဖို့ ခက်ခဲပေမယ့် တကယ်လို့ အခွင့်အရေးသာ ရှိမယ်ဆိုရင်တော့ ဒေးဗစ်ဘက်ခမ်းကသာ ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်မယ့်သူ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီ ထင်ရှားကျော်ကြားတဲ့ အကောင်းဆုံး ကစားသမားကြီးနှစ်ဦးစလုံးဟာ သူတို့ရောက်တဲ့နေရာတိုင်းမှာ အသင်းရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်နေတာကြောင့် အတူတူကစားဖို့ဆိုတာ ခက်ခဲနေတာပါ" လို့ ဖွင့်ဟခဲ့ပါတယ်။

"တကယ်လို့ အတူတူကစားဖြစ်မယ်ဆိုရင် သူတို့နှစ်ဦးစလုံး အရင်က မကစားဖူးသေးတဲ့ ကြားနေအသင်းတစ်သင်းမှာ ပူးပေါင်းတာမျိုး ဖြစ်ရပါလိမ့်မယ်။ တစ်နေ့မှာ အဲဒီလိုမျိုး မြင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

လာမယ့် နွေရာသီမှာ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးစလုံးကို အကြီးမားဆုံး စင်မြင့်ထက်မှာ နောက်ဆုံးအကြိမ်အဖြစ် အတူတူ မြင်တွေ့ရမယ့် ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့လည်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။