ဒေးဗစ်ပလိထ်လို အောင်ပွဲခံလို့ အဝါကတ်ပြသခံခဲ့ရပေမယ့် နောင်တမရကြောင်း ပြောကြားလာတဲ့ မိုယက်စ်
အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ဟာ ပြီးခဲ့တဲ့စနေနေ့က ဘရိုက်တန်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်မှူး ဘီတိုက ပွဲကစားချိန် ၉၇ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့တာကြောင့် ကွင်းထဲသို့ပြေးဝင်ပြီး နာမည်ကျော်နည်းပြဟောင်း ဒေးဗစ်ပလိထ်ရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်ဒိုင်က မိုယက်စ်ကို အဝါကတ်ပြားပြသပြီး သတိပေးခဲ့ပေမယ့် မိုယက်စ်ကတော့ အဝါကတ်ကိုဂရုမစိုက်ကြောင်းနဲ့ အခွင့်အရေးရပါက နောက်ထပ်တစ်ကြိမ် ထပ်မံအောင်ပွဲခံသွားဦးမယ်လို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။
မိုယက်စ်က "ကျွန်တော်တို့ ပလိထ်နဲ့တော့ မနှိုင်းကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ သူ့တုန်းက အဝါကတ်မပြခံခဲ့ရပါဘူး။ လူတိုင်းက အောင်ပွဲခံရတာကို နှစ်သက်ကြတာပါပဲ။ ဒါကြောင့် ဒီလိုအခြေအနေမှာ အောင်ပွဲမခံရင် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ပါဘူး"
"ကျွန်တော် ဒီအတွက်အဝါကတ်ပြသခံလိုက်ရပါတယ်။ အောင်ပွဲခံလို့ အဝါကတ်ပြခံရတယ်တဲ့ စဉ်းစားကြည့်ပါဦး။ မန်နေဂျာတစ်ယောက်အနေနဲ့ အောင်ပွဲခံလို့ အဝါကတ်ပြခံရတာကို ဘယ်သူမှမမြင်ချင်ပါဘူး"
"တကယ်လို့ ဒီလိုဂိုးမျိုးကို ပွဲချိန် ၅၅ မိနစ်လောက်မှာသွင်းရင် ကျွန်တော် အောင်ပွဲမခံပါဘူး။ ဒါပေမယ့် အခုက ၉၇ မိနစ်မှာသွင်းခဲ့တာဆိုတော့ အောင်ပွဲခံဖို့လိုအပ်ပါတယ်။ ဒါကို ဒိုင်လူကြီးတွေက နားမလည်ပါဘူး။ နည်းပြတစ်ယောက် ဘေးစည်းကိုကျော်လာတာနဲ့ သူတို့က အဝါကတ်ပြဖို့လောက်ပဲချောင်းနေတာပါ။ ဒါက တကယ်စိတ်ပျက်စရာပါ။ ကျွန်တော်အခုထိ လက်ခံနိုင်သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ကို ဂရုမစိုက်ကြောင်းနဲ့ အခွင့်အရေးရပါက ဆက်လက်အောင်ပွဲခံသွားဦးမယ့်အကြောင်းကို မိုယက်စ်က "ကျွန်တော်ကတော့ နောက်တစ်ခါအခွင့်အရေးရရင် ထပ်ပြီးတော့ အောင်ပွဲခံဦးမှာပါပဲ။ အခုထက်ပိုပြီး လျင်မြန်ဖျတ်လတ်နေသေးရင် ဒူးထောက်ပြီးတောင် လျှောတိုက်အောင်ပွဲခံမှာပါ။ ဘာပဲဖြစ်ဖြစ် အဝါကတ်က ပြခံရမှာပဲလေ။ ဒီတော့ အဝါကတ်နဲ့တန်အောင် အသားကုန်အောင်ပွဲခံပစ်မှာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။