အိုဒီဂတ်က အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်မှုရှိတယ်လို့ ဝန်ခံပြောကြားလာတဲ့ တိုနီအဒမ်စ်
အာဆင်နယ်ဂန္ထဝင်နောက်ခံလူ တိုနီအဒမ်စ်က သူ့အနေနဲ့ ယခင်က ကွင်းလယ်လူ မာတင်အိုဒီဂတ်ဟာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ ထိုက်တန်မှုမရှိဘူးလို့ ယူဆခဲ့ပေမယ့် ယခုအခါမှာတော့ ထိုက်တန်မှုရှိတယ်ဆိုတာ မြင်တွေ့ရပြီဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခင်က အဒမ်ဟာ အိုဒီဂတ်တစ်ယောက် အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်မှုရှိပါ့မလားလို့ မေးခွန်းထုတ်ခဲ့ဖူးပေမယ့် ယခုအခါမှာတော့ သူ့ရဲ့အမြင်ကိုပြောင်းလဲလိုက်ပြီဖြစ်ပြီး နော်ဝေသားဟာ အာဆင်နယ်ရဲ့စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။
နောက်ခံလူဟောင်းက "ကျွန်တော့်အနေနဲ့ အရင်က ဒီကလန်ရိုက်စ်က အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးနဲ့ ပို့သင့်တော်မယ်လို့ တွေးမိခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ ဟယ်ရီကိန်း အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ပါ့မလားလို့ တွေးခဲ့မိသလိုပေါ့။ ဘာကြောင့်လဲဆိုတော့ တိုက်စစ်ကစားသမားတွေက မကြာခဏဆိုသလို၊ နည်းဗျူဟာအရ လူစားလဲရတတ်တာကြောင့်ပါ"
ပြီးခဲ့တဲ့ရာသီမှာ အိုဒီဂတ်ဟာ ဘောလုံးကိုင်လွန်းတာကြောင့် အာဆင်နယ်ရဲ့ကစားကွက်ကို နှေးကွေးစေတယ်လို့ ထင်ခဲ့ပေမယ့် ဒီရာသီမှာတော့ နော်ဝေသားရဲ့ခြေစွမ်းက ပိုမိုပြတ်သားလာပြီး တိုက်စစ်ပိုင်းကို အဓိက ကူညီပံ့ပိုးပေးသူဖြစ်တယ်လို့လည်း အဒမ်စ်က ချီးကျူးခဲ့ပါတယ်။
အဒမ်စ်က "အသင်းအတွင်းသတင်းတွေအရ အိုဒီဂတ်က လူချစ်လူခင်များပြီး အသင်းဖော်တွေရဲ့လေးစားမှုကိုရထားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် အသင်းသားတွေသူ့နောက်မှာ စည်းစည်းလုံးလုံးရှိနေတာက ကောင်းမွန်တဲ့အချက်တစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။
အိုဒီဂတ်ဟာ လူစားလဲခံရချိန်မှာ သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဘူကာယိုဆာကာ သို့မဟုတ် ဂါဘရီရယ်ဆီ လွှဲပြောင်းပေးလေ့ရှိတာကြောင့် အဒမ်စ်အ အာဆင်နယ်မှာ ခေါင်းဆောင်တွေအများကြီးရှိနေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။
ကစားသမားဟောင်းက "အာဆင်နယ်မှာ ခေါင်းဆောင်တွေအများကြီးရှိနေပါတယ်။ ဦးဆောင်နိုင်စွမ်းရှိတဲ့သူတွေ များနေတာပါ။ ပြီးတော့ သူတို့မှာ ဒီနှစ် ပရီးမီးယားလိဂ်ဆုဖလားကိုသိမ်းပိုက်နိုင်မယ့် အရမ်းကောင်းတဲ့လူစာရင်းလည်းရှိနေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။