ကစားသမားတွေရဲ့လေးစားမှုရယူဖို့ ချဲလ်ဆီးနည်းပြသစ် ရိုဆင်နီယာကို တယ်ရီအကြံပေး
ချဲလ်ဆီးဂန္ထဝင်ခံစစ်မှူးဟောင်း ဂျွန်တယ်ရီက အသင်းကို စတင်ကိုင်တွယ်တော့မယ့် နည်းပြသစ် လီယမ်ရိုဆင်နီယာကို ကစားသမားတွေထံမှ လေးစားမှုကိုဘယ်လိုရယူရမလဲဆိုတာ အကြံပေးပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က အန်ဇိုမာရက်စ်ကာကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ဒီအပတ်အတွင်းမှာပဲ ချဲလ်ဆီးဟာ ရိုဆင်နီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာလာခဲ့ပါတယ်။ ရိုဆင်နီယာဟာ ချဲလ်ဆီးနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး နောက်ထပ် အပို ၁၂ လအထိ သက်တမ်းတိုးခွင့်ရှိတဲ့ သဘောတူညီချက်ကိုလည်း ရယူထားပါတယ်။
လာမယ့်သောကြာနေ့မှာတော့ ရိုဆင်နီယာဟာ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်အဖြစ် ကစားသမားတွေနဲ့ စတင်တွေ့ဆုံသွားမှာဖြစ်ပြီး တယ်ရီက ကစားသမားတွေထံမှ လေးစားမှုရယူဖို့ အကြံဉာဏ်တွေပေးလာခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းက "နည်းပြတစ်ယောက်အနေနဲ့ အသင်းထဲကို ရောက်လာတဲ့အခါ ကစားသမားတိုင်းက ခင်ဗျားကို စောင့်ကြည့်နေကြပါလိမ့်မယ်။ ဘောလုံးလောကမှာတော့ ရလဒ်တွေက အဓိကဆိုတာတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ ကစားသမားတွေရဲ့ အမြင်မှာတော့ အစောပိုင်းတွေ့ဆုံမှုတွေနဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်တွေမှာတင် သူတို့ရဲ့ လေးစားမှုကို ရယူနိုင်ဖို့က ခင်ဗျားအတွက် အခွင့်အရေးပါပဲ။"
"ရိုဆင်နီယာကအတွေ့အကြုံတွေ အများကြီး ရှိခဲ့ပြီးသားသူဖြစ်လို့ ချဲလ်ဆီးကစားသမားတွေဆီကနေ အဲဒီလို လေးစားမှုမျိုး ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ရိုဆင်နီယာဟာ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ချာလ်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စတင်ကိုင်တွယ်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးပရိသတ်တွေအပါအဝင် ဘောလုံး ဝေဖန်သုံးသပ်သူတွေအနေနဲ့ ရိုဆင်နီယာတစ်ယောက် ပွဲဦးထွက်မှာ နိုင်ပွဲနဲ့ စတင်လာနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။