The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲစဉ်အတွင်း ခရစ္စတယ်ပဲလေ့စ်ရဲ့စိတ်ဓါတ်ပိုင်းကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဂလက်စ်နာ

အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ခရစ္စတယ်ပဲလေ့စ်တို့ ပြသခဲ့တဲ့စိတ်ဓါတ်ပိုင်းကို အိုလီဗာဂလက်စ်နာကိုယ်တိုင် ကျေနပ်အားရနေပါတယ်။
အခုပွဲစဉ်မှာ အိမ်ရှင်ဂန်းနားတွေက ဧည့်သည်အီးဂဲလ်တွေကို ပယ်နယ်တီအဆုံးအဖြတ်မှာအနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။
ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာလာရပေမယ့် အီးဂဲလ်နည်းပြကတော့ ခက်ခဲတဲ့ကိုးရက်တာကာလအပြီး သူ့အသင်းပြသခဲ့တဲ့စိတ်ဓါတ်ပိုင်းကြောင့် သက်သောင့်သက်သာရှိနေခဲ့ပါတယ်။
ဂလက်စ်နာက “ ဘယ်ပွဲစဉ်မဆို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်သွားတယ်ဆိုတာ အမြဲတမ်းစိတ်ပျက်စရာကောင်းပါတယ်။
ဒါပေမဲ့ အခြားတဖက်မှာလည်း ကျွန်တော်တို့အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမိပါတယ်။ အထူးသဖြင့် ပထမပိုင်းစွမ်းဆောင်ရည် အလွန်ဆိုးရွားခဲ့ပြီးချိန်မှာပေါ့။
ကျွန်တော်တို့အသင်းဂိုးသမားဝေါ်လ်တာဘင်နီတက်ဇ်က ကျွန်တော်တို့ကို ပွဲစဉ်ထဲမှာဆက်ရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်း ပိုကောင်းလာပြီး မျှတတဲ့ပွဲစဉ်တစ်ခုလို ဖြစ်လာပါတယ်။
ဒီနှစ်ထဲမှာ ကျွန်တော်တို့တွေ ပယ်နယ်တီအဆုံးအဖြတ်နှစ်ကြိမ် ခံယူခဲ့ပြီးပါပြီ။ နှစ်ကြိမ်လုံး အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ အာဆင်နယ်က ကံကောင်းတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့်ဘဝမှာ ပယ်နယ်တီကန်သွင်းမှုတွေ အများကြီးကြည့်ရှုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလောက်ကောင်းမွန်တဲ့ ပယ်နယ်တီကန်သွင်းယူမှုမျိုးကို မြင်တွေ့ခဲ့ဖူးသလားဆိုတာ မမှတ်မိတော့ပါဘူး။
ပယ်နယ်တီအဆုံးအဖြတ်မှာ တစ်ဦးဦးကတော့ လွဲချော်ပေးဖို့ အမြဲတမ်းလိုအပ်ပါတယ်။ ဒီနေ့အတွက်လွဲချော်မှုက ကျွန်တော်တို့ရဲ့ကစားသမားဖြစ်လာပြီး ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာမလိုပါဘူး။
ဒီနေ့ပွဲစဉ်ရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်အပေါ်အခြေခံပြီး ဆက်လက်တည်ဆောက်သွားဖို့နဲ့ အခုလိုကောင်းမွန်တဲ့ စရိုက်လက္ခဏာမျိုး နောက်တစ်ကြိမ်ပြသသွားနိုင်ဖို့ အရေးကြီးပါတယ်။
ဒုတိယပိုင်းပွဲချိန်မှာ အလွတ်တည်ကန်ဘောမှတဆင့် ဦးဆောင်ဂိုးပေးလိုက်ရခြင်းကြောင့် လိဒ်နဲ့ပွဲစဉ်အတွင်း ရရှိခဲ့ဖူးတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်နဲ့ လတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးနဲ့အတူ ပြန်လာနိုင်ခဲ့တဲ့ပုံစံကြောင့် ကစားသမားတွေရဲ့စိတ်နေစိတ်ထားကို အမှန်တကယ်ချီးကျူးဂုဏ်ပြုရပါမယ်။
ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကို ပြောင်းလဲပေးခဲ့တဲ့နည်းလမ်းကြောင့် ကျွန်တော်တို့တွေ ယုံကြည်မှု ရရှိသင့်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကို သယ်ဆောင်သွားရပါမယ်”လို့ ပြောပါတယ်။
ဂလက်စ်နာက ခြောက်ရက်အတွင်း သုံးပွဲကစားပြီးနောက် အခုရာသီမှာ Boxing Day ပွဲစဉ်မရှိလို့ သူ့ရဲ့ကစားသမားတွေအတွက် အားလပ်ရက်နှစ်ရက်ဖန်တီးပေးပြီး မိသားစုနဲ့အတူ ပွဲတော်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။