၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမယ့် ဘောလုံးကွင်းကြီးတွေအကြောင်း သိထားသင့်တဲ့အချက်များ
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်နိုင်ငံသုံးခုမှာ ပြိုင်ပွဲဝင်အသင်း ၄၈ ခုနဲ့အတူ ခမ်းခမ်းနားနားကျင်းပသွားဖို့ လပိုင်းမျှသာ လိုအပ်ပါတော့တယ်။ ဒီပြိုင်ပွဲကြီးကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပသွားဖို့ရှိပြီး ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးပြပွဲကြီးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကိုယ်တိုင် အိမ်ရှင်မြို့တော် ၁၆ ခုကို ရွေးချယ်ပေးထားပါတယ်။
ပြိုင်ပွဲဝင်အသင်းတွေ ရင်ဆိုင်ရနိုင်တဲ့ ပူပြင်းလှတဲ့ရာသီဥတုအပူချိန်နဲ့ အားကစားကွင်းတွေအကြား အကွာအဝေးတို့ကြောင့် ပွဲကြီးပွဲကောင်းတွေကျင်းပမယ့် ဘောလုံးကွင်းတွေရဲ့အခြေအနေအရပ်ရပ်က ပွဲစဉ်ရဲ့အဆုံးသတ်ရလဒ်ပိုင်းအပေါ် လွှမ်းမိုးလာမယ်ဆိုတာ သေချာသလောက်ပါပဲ။ အခုဆောင်းပါးမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဧည့်ခံကျင်းပသွားမယ့် ဘောလုံးကွင်းကြီးတွေအကြောင်း သိထားသင့်တဲ့အချက်တွေကို ကောက်နှုတ်ဖော်ပြပေးသွားပါမယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံရှိ ဘောလုံးကွင်း ၁၁ ခု၊ မက္ကဆီကိုနိုင်ငံရှိ ဘောလုံးကွင်း သုံးခုနဲ့ ကနေဒါနိုင်ငံရှိ ဘောလုံးကွင်း နှစ်ခုတို့မှာ ဧည့်ခံကျင်းပသွားပါလိမ့်မယ်။
အမေရိကန်နိုင်ငံရှိ ဘောလုံးကွင်း ၁၁ ခုရဲ့အချက်အလက်နဲ့ အပူချိန်
----------------------------------------------------------------------
MetLife Stadium - နယူးဂျာစီ
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲကြီးကို ဇူလိုင် ၁၉ ရက်၊ နယူးဂျာစီရှိ MetLife Stadium အားကစားကွင်းကြီးမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
MetLife Stadium အားကစားကွင်းကြီးက အခုပြိုင်ပွဲကိုဧည့်ခံကျင်းပမယ့် ဘောလုံးကွင်းတွေအနက် ပရိသတ်ဝင်ဆံ့မှုအကြီးမားဆုံးကွင်းဖြစ်ပြီး အမေရိကန်ဘောလုံးကလပ်အသင်းတွေဖြစ်တဲ့ New York Giants နဲ့ New York Jets တို့ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။
ဒီဘောလုံးကွင်းကြီးကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလျံ အကုန်အကျခံတည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
AT&T Stadium - ဒဲလ်လက်စ်
AT&T Stadium က ဇူလိုင် ၁၄ ရက်မှာ ကျင်းပမယ့် ကနဦးဆီမီးဖိုင်နယ်ပွဲစဉ်အပါအဝင် ပွဲစဉ်ကိုးခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ ဒါကြောင့် ဒီအားကစားကွင်းက အခုပြိုင်ပွဲကြီးမှာ လက်ခံကျင်းပမယ့်ပွဲစဉ် အများဆုံးကွင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
AT&T Stadium မှာ နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့ ကွင်းတွင်းလေအေးပေးစက်(Air-Con)တွေ တပ်ဆင်ထားပြီး အမေရိကန် Super Bowl ချန်ပီယံဆုငါးကြိမ်ရှင် ဒဲလ်လက်စ်ကောင်းဘွိုင်စ်ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။
ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။
SoFi Stadium - လော့စ်အိန်ဂျလိစ်
SoFi Stadium က ဇူလိုင် ၁၀ ရက်မှာကျင်းပမယ့် ဒုတိယမြောက်ကွာတားဖိုင်နယ်ပွဲစဉ်အပါအဝင် ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါဝင်တဲ့ အခုပြိုင်ပွဲကြီးရဲ့ပွဲစဉ် ရှစ်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။
အမေရိကန်ပြည်တွင်းအခြေစိုက် Los Angeles Rams နဲ့ Los Angeles Chargers တို့ရဲ့ အိမ်ကွင်းက ပရိသတ်ဦးရေခုနစ်သောင်းနီးပါးဝင်ဆံ့ပြီး အမေရိကန်ဒေါ်လာ ၅ ဒဿမ ၅ ဘီလျံအထိ အကုန်အကျခံတည်ဆောက်ထားလို့ တန်ကြေးအမြင့်ဆုံးအားကစားကွင်းလည်း ဖြစ်ပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။
Mercedes-Benz Stadium - အတ္တလန်တာ
Mercedes-Benz Stadium ကလည်း ဇူလိုင် ၁၅ ရက်၊ ဒုတိယမြောက်ဆီမီးဖိုင်နယ်အပါအဝင် ပွဲစဉ်ရှစ်ခုကို ဧည့်ခံကျင်းပသွားမှာပါ။ အီတာလျံအနုသုခုမပညာရပ်တွေကို အဆင့်မြှင့်တင်ကာ ကွင်းတွင်းလေအေးပေးစနစ်တပ်ဆင်ထားတဲ့ နောက်ထပ်ဘောလုံးကွင်းတစ်ခုကို အမေရိကန်အခြေစိုက် Atlanta Falcons နဲ့ Atlanta United တို့ရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုနေပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။
Hard Rock Stadium - မီယာမီ
Hard Rock Stadium က တတိယနေရာလုပွဲအပါအဝင် ပွဲစဉ်ခုနစ်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ ဒီနေရာမှာ ရာသီဥတုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပြီး အပူချိန်နဲ့ စိုထိုင်းဆတွေက ပွဲစဉ်တွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ Hard Rock Stadium က အမိုးဖွင့်အားကစားကွင်းတစ်ခုဖြစ်ပြီး ကြုံတွေ့ရမယ့် အခြေအနေအရပ်ရပ်ကို အကူအညီပေးနိုင်ဖို့ လေအေးပေးစက်တွေ ထားရှိသွားပါလိမ့်မယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၁ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။
Gillette Stadium - ဘော်စတွန်
Gillette Stadium ကလည်း ကနဦးကွာတားဖိုင်နယ်ပွဲစဉ်အပါအဝင် ပွဲစဉ်ခုနစ်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ နောက်ထပ်အမိုးဖွင့်အားကစားကွင်းတစ်ခုဖြစ်ပြီး Super Bowl ချန်ပီယံဆုခြောက်ကြိမ်ရှင် နယူးအင်္ဂလန်ပက်ထရော့စ်နဲ့ မေဂျာလိဂ်ကလပ် နယူးအင်္ဂလန်ရီဗော်လူးရှင်းတို့ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။
ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၅ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
NRG Stadium - ဟူစတန်
၁၆ သင်းရှုံးထွက်အဆင့်ရဲ့ အစကနဦးအဖွင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ခုနစ်ခုကို ဧည့်ခံကျင်းပဦးမယ့် နောက်ထပ်ဘောလုံးကွင်းကတော့ NRG Stadium ပဲဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ပြီး Houston Texans ရဲ့အိမ်ကွင်းလည်းဖြစ်တဲ့ ဒီကွင်းကြီးက အမိုးကို အဖွင့်အပိတ်ပြုလုပ်နိုင်သလို နွေရာသီကာလတွေမှာ ပူပြင်းစိုစွတ်တဲ့ရာသီဥတုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရာသီဥတုထိန်းချုပ်မှုစွမ်းဆောင်ရည်လည်း ပိုင်ဆိုင်ထားပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၃ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
Levi's Stadium - ဆန်ဖရန်စစ္စကို
Levi's Stadium က အုပ်စုပွဲစဉ် ငါးခုနဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခု စုစုပေါင်းပွဲစဉ်ခြောက်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ Super Bowl ချန်ပီယံဆုငါးကြိမ်ရှင် 49ers ရဲ့အိမ်ကွင်းက ဒေါ်လာ ၁ ဒဿမ ၃ ဘီလျံတန်ကြေးရှိပြီး ဆီလီကွန်တောင်ကြားဒေသရဲ့အချက်အချာကျတဲ့နေရာမှာ တည်ရှိပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်သာ ရှိပါတယ်။
Lumen Stadium - ဆီယက်တဲလ်
Lumen Stadium မှာ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ခြောက်ခု ကျင်းပသွားပါလိမ့်မယ်။ ဆီယက်တဲလ်ကမ်းရိုးတန်းဒေသမှာ တည်ရှိပြီး မြင်းခွာပုံသဏ္ဍာန်တည်ဆောက်ထားတဲ့ အားကစားကွင်းက ပရိသတ်ဦးရေ ၆၅,၁၂၃ ဝင်ဆံ့ပြီး မြို့ရဲ့မိုးကုပ်စက်ဝိုင်းဧရိယာကို ထူးထူးခြားခြားမြင်တွေ့နိုင်ကာ နွေရာသီအပူဒဏ်ကို ခံစားရနိုင်ခြေ နည်းပါးပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၂ ဒီဂရီစင်တီဂရိတ်ဝန်းကျင်သာ ရှိပါတယ်။
Arrowhead Stadium - ကန်းဆက်စ်စီးတီး
၁၉၇၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Arrowhead Stadium က ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် သက်တမ်းအရင့်ဆုံးဘောလုံးကွင်းတစ်ခု ဖြစ်ပြီး အခုပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ခြောက်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။
ကွင်းတွင်းစိတ်လှုပ်ရှားစရာအားပေးမှုကြောင့် နာမည်ကျော်တဲ့ ဒီကွင်းကြီးက Super Bowl ချန်ပီယံဆုလေးကြိမ်ရှင် Kansas City Chiefs ရဲ့အိမ်ကွင်းဖြစ်ပြီး NFL ကလပ်အသင်းတစ်ခုအသုံးပြုတဲ့ တတိယမြောက်သက်တမ်းအရင့်ဆုံးအားကစားကွင်းလည်း ဖြစ်ပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
Lincoln Financial Field - ဖီလာဒဲလ်ဖီးယား
Lincoln Financial Field အားကစားကွင်းက ၂၀၂၅ Super Bowl ချန်ပီယံ Philadelphia Eagles ရဲ့ အိမ်ကွင်းဖြစ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ခြောက်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ ခေတ်မီနည်းစနစ်တွေအသုံးပြုထားတဲ့ ဒီအားကစားကွင်းက နှစ်စဉ်စွမ်းအင်သုံးစွဲမှုရဲ့သုံးပုံတစ်ပုံခန့်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဆိုလာပြားတစ်သောင်းကျော် တပ်ဆင်ထားပါတယ်။
ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံရှိ ဘောလုံးကွင်း သုံးခုရဲ့အချက်အလက်နဲ့ အပူချိန်
---------------------------------------------------------------------
Estadio Azteca - မက္ကဆီကိုစီးတီး
ကမ္ဘာ့ဖလားသမိုင်းတလျှောက် ထင်ရှားကျော်ကြားလှတဲ့ ဘောလုံးကွင်းတွေအနက် ၁၉၉၆ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ Estadio Azteca လည်း ပါဝင်ပါတယ်။ မက္ကဆီကိုစီးတီးရှိ ဒီကွင်းကြီးမှာ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၆ ခုနှစ်ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးတွေကို ကျင်းပခဲ့သလို အင်္ဂလန်နဲ့ရင်ဆိုင်ရချိန် “မာရာဒိုနာရဲ့ဘုရားပေးသောလက်သွင်းဂိုး”ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
Estadio Azteca က အခုပြိုင်ပွဲကြီးမှာ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ငါးခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၅ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
Estadio BBVA - မွန်တာရေး
Estadio BBVA က မီတာ ၁၈၀၀ အမြင့်ရှိ မြင့်မားလှတဲ့တောင်ကြီးပေါ်မှာ တည်ရှိပြီး အားကစားလောကရဲ့ အလှပဆုံးဘောလုံးကွင်းတွေအနက် တစ်ခု ဖြစ်ပါတယ်။ မွန်တာရေးအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဒီကွင်းမှာ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်လေးခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။
ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၃၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။
Estadio Akron - ဂွါဒါလာဂျာရာ
အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဒုတိယမြောက်အသေးဆုံးကွင်းကတော့ Estadio Akron ပဲ ဖြစ်ပါတယ်။ ဒီကွင်းမှာ မက္ကဆီကို-တောင်ကိုရီးယားတို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်အပါအဝင် အုပ်စုပွဲစဉ်လေးခုကို ကျင်းပပါလိမ့်မယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ-၁၆၀၀ မှာတည်ရှိတဲ့ ဒီအားကစားကွင်းက ကစားသမားတွေအတွက် ပြဿနာများစေနိုင်ပြီး ဒေသစိုစွတ်မှုအခြေအနေကြောင့် ပွဲကစားချိန်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ရပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။
ကနေဒါနိုင်ငံရှိ ဘောလုံးကွင်း နှစ်ခုရဲ့အချက်အလက်နဲ့ အပူချိန်
---------------------------------------------------------------------
BMO Field - တိုရွန်တို
ပရိသတ်ဦးရေ ၄၄,၃၁၅ ဦးဆံ့ BMO Field က အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသေးငယ်ဆုံးကွင်းဖြစ်ပြီး ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ခြောက်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ ကနေဒါအသင်းရဲ့ကမ္ဘာ့ဖလားခရီးစဉ်ကို ဇွန် ၁၂ ရက်မှာ စတင်ဖို့ရှိနေပြီး BMO Field ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီးနောက် ကနေဒါရဲ့အိမ်ကွင်းပွဲစဉ်ထက်ဝက်ခန့်ကို ဒီကွင်းမှာပဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၆ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
BC Place - ဗန်ကူးပါး
အခုကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြောက်ဖက်အကျဆုံးအရပ်မှာတည်ရှိတဲ့ BC Place က ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုအပါအဝင် ပွဲစဉ်ခုနစ်ခုကို ဧည့်ခံကျင်းပပါလိမ့်မယ်။ အတိတ်မှာလည်း BC Place က ၂၀၁၀ ပြည့်နှစ်ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ရဲ့ ဖွင့်ပွဲပိတ်ပွဲနဲ့ ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ပွဲစဉ်ကိုးခုကို လက်ခံကျင်းပခဲ့ပါတယ်။ ဇွန်လအတွင်း ပျှမ်းမျှအမြင့်ဆုံးနေ့အပူချိန်ကတော့ ၂၁ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။