၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတဲ့ ဘာစီလိုနာကြယ်ပွင့်ဂါဗီ
ဘာစီလိုနာကွင်းလယ်ကစားသမားဂါဗီက ဒူးဒဏ်ရာခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာစေရေး ဆက်လက်လုပ်ဆောင်နေစဉ်မှာပဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်၊ စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်နိုင်ဖို့ အိပ်မက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာကြုံတွေ့နေတဲ့ ဂါဗီက လာမယ့်တစ်လနှစ်လလောက်အထိ ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိလို့ လာမယ့်နှစ်၊ နွေရာသီပြိုင်ပွဲကြီးအတွက် ဒီလာဖွန်တေရဲ့အသင်းမှာပါဝင်နိုင်ရေး အခက်တွေ့လာနိုင်ပါတယ်။ ဒါပေမဲ့ အသက်-၂၁ နှစ်အရွယ်ကစားသမားက အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာကျင်းပမယ့် ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးမျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး။
Mundo Deportivo သတင်းဌာနနဲ့တွေ့ဆုံချိန် ဂါဗီက “ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားရောက်ယှဉ်ပြိုင်ရတာ အရမ်းကောင်းပါတယ်။ ဒါကိုပဲ ကျွန်တော် လိုချင်ပါတယ်။ အခုတော့ ဒဏ်ရာပြန်လည်ကောင်းမွန်လာဖို့ကို အာရုံစိုက်ကာ ဘာစီလိုနာနဲ့အတူ ရာသီကုန်အထိဖြတ်သန်းပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ခွင့်ရရှိလာမယ်ဆိုရင် အလွန်ကောင်းမွန်ပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂါဗီက အနားယူနေချိန်ကာလအတွင်း နည်းပြဒီလာဖွန်တေနဲ့ အဆက်အသွယ်မပြတ်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်က “ ကျွန်တော့်အတွက် သူ အမြဲတမ်းစိုးရိမ်ပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့အခြေအနေကိုသိရဖို့ အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပါတယ်။ အခုလိုဂရုစိုက်ပေးမှုတွေအတွက် ဒီလာဖွန်တေကို အထူးကျေးဇူးတင်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ခက်ခဲတဲ့လအပိုင်းအခြားကာလတွေအတွင်း အားပေးမှုတွေပြုလုပ်ပေးခဲ့တဲ့ ဟန်စီဖလစ်ခ်ကိုလည်း ကျေးဇူးတင်တယ်လို့ ဂါဗီက ဆိုပါတယ်။ ဂါဗီက “ နည်းပြက ကျွန်တော့်ကို အမြဲတမ်းထောက်ခံအားပေးသလို အကြံဉာဏ်တွေလည်း ပေးပါတယ်။ သူကိုယ်တိုင်လည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ဖူးပါတယ်။ ကျွန်တော့်အပေါ် အမြဲဂရုစိုက်ပေးပြီး အကြံဉာဏ်ကောင်းတွေပေးမှုအတွက် ဟန်စီဖလစ်ခ်ကို အရမ်းကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိအခြေအနေအရ ဂါဗီက လာမယ့်ဖေဖော်ဝါရီ(သို့မဟုတ်)မတ်လအတွင်း ရာနှုန်းပြည့်ကြံ့ခိုင်မှု ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဒီကာလထက်ပိုပြီး အနားယူရမယ်ဆိုရင်တော့ သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရဖို့ အချိန်အနည်းငယ်ကြာမြင့်သွားနိုင်ပါတယ်။