The network connection is lost.

Banner Image

မော်ရိုကိုနဲ့ စကော့တလန်တို့က ခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်တယ်လို့ဆိုလာတဲ့ အန်ဆယ်လော့တီ

 

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နဲ့ အုပ်စုတစ်ခုတည်းကျရောက်နေခဲ့ပြီး နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းဟာ ခက်ခဲတဲ့အုပ်စုမှာကျရောက်နေပေမယ့် အနိုင်ယူဖို့ကြိုးစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိဆွတ်ခူးထားတဲ့ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်း ဘရာဇီးဟာ အုပ်စု(ဂ)မှာ ကမ္ဘာ့ဖလားကို ၂၈ နှစ်အတွင်းပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်ခဲ့တဲ့ စကော့တလန်၊ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲက ပေါ်တူဂီကိုဖြုတ်ချခဲ့တဲ့မော်ရိုကို၊ ဟေတီတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

အန်ဆယ်လော့တီက "ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ မော်ရိုကို အရမ်းကောင်းခဲ့ပါတယ်။ စကော့တလန်ကလည်း ကျစ်လျစ်တဲ့အသင်းတစ်သင်းပါ။ ကစားရခက်ပါတယ်" လို့ဝန်ခံပြောကြားခဲ့ပါတယ်။

ဘရာဇီးဟာ ဇွန်လ ၁၃ ရက်နေ့မှာ မော်ရိုကိုနဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၆ ရက်အကြာမှာ ဟေတီနဲ့ထပ်မံယှဉ်ပြိုင်ကာ ဇွန်လ ၂၄ ရက်နေ့မှာတော့ အုပ်စုအဆင့်နောက်ဆုံပွဲစဉ်အဖြစ် စကော့တလန်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဆက်လက်ပြီးအီတလီသားနည်းပြက "ကျွန်တော်တို့ပြိုင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ပြီး အနိုင်ရဖို့ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ဘရာဇီးဟာ ကမ္ဘာ့ဖလားကိုနောက်ဆုံးရရှိပြီးနောက် အကောင်းဆုံးပုံစံနဲ့ဝေးကွာနေခဲ့ပြီး နည်းပြတွေ တစ်ဦးပြီးတစ်ဦးအပြောင်းအလဲပြုလုပ်ခဲ့ကာ ယခုအခါမှာ အန်ဆယ်လော့တီက ၄ ယောက်မြောက်နည်းပြလည်းဖြစ်ပါတယ်။

ဘရာဇီးဟာ မော်ရိုကို၊ စကော့တလန်တို့နဲ့ ၁၉၈၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်က ၃-၀၊ ၂-၁ ဆိုတဲ့ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးအနေနဲ့ အစဉ်အလာကိုဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရမှာြဖစ်ပါတယ်။