The network connection is lost.

Banner Image

ရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်စတား

အာဆင်နယ်တောင်ပံကစားသမား ဆာကာက ရီးရဲလ်အသင်းနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမတိုင်ခင် မိမိအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုရယူချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆာကာဟာ ၂၀၂၀ တုန်းက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလားသာရယူနိုင်ခဲ့ပြီး အဲ့နောက် ၂ ရာသီစီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားပေးနိုင်ခဲ့ပါတယ်။
ဆာကာ နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက နောက်ဆုံး ၂ နှစ်ထဲဝင်ရောက်လာတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်သားကတော့ အာဆင်နယ်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှာဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အနိုင်ရချင်ပါတယ်။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေရယူချင်ပါတယ်။ ကျွန်တော် အာဆင်နယ်ပရိသတ်တွေကို ဘယ်လောက်ချစ်မြတ်နိုးလဲဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကျွန်တော် ဒဏ်ရာကနေပြန်လာချိန်မှာ သူတို့အပြုအမူကိုကြည့်ရင်လည်း သိနိုင်ပါတယ်။ သူတို့ ကျွန်တော် ပြန်လာမှာကို မျှော်လင့်နေကြတာပါ။ ဒါကြောင့် အဲ့တာက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ပြီး ကျွန်တော် ဒီမှာ ပျော်နေသလို ဆုဖလားအောင်မြင်မှုရဖို့ပဲ အာရုံစိုက်ထားပါတယ်။
ဘယ်သူမှအလျင်မလိုသလို ကျွန်တော့် စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေပါသေးတယ်။ ဒါကြောင့် စိတ်အေးအေးထားထားပါတယ်”လို့ ဆာကာက ပြောကြားခဲ့ပါတယ်။
ဆာကာဟာ မိုနာကိုအသင်းကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲက သူ့ရဲ့နောက်ဆုံးချန်ပီယံလိဂ်ပွဲဖြစ်ခဲ့ပါတယ်။
အဲ့ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး အခုညမှာကန်မယ့် ရီးရဲလ်နဲ့ပွဲမှာတော့ ဆာကာအနေနဲ့ နောက်တစ်ကြိမ်အသင်းကိုကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။