ဆားဘီးယားကို အနိုင်ရခဲ့ပေမယ့် အတော်လေးရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလာတဲ့ ဟယ်ရီကိန်း
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ယနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်ရဲ့ ယူရိုအုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ဆားဘီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့သော်လည်း အတော်လေးရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက “ယေဘုယျအားဖြင့်ဆိုရင်တော့ ထိုက်တန်တဲ့နိုင်ပွဲပါပဲ။ အဓိကရည်မှန်းချက်က ဒါကိုကျော်ဖြတ်နိုင်ဖို့ပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဂိုးဧရိယာထဲမှာစုပြုံပြီး ပိတ်ဆော့ခဲ့ရလို့ တိုက်စစ်ဆင်မှုတွေ အများအပြားမပြုလုပ်နိုင်ခဲ့ပေမယ့် အရေးကြီးတဲ့နိုင်ပွဲကိုတော့ ဖော်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အင်္ဂလန်ဟာ ပွဲကစားချိန် ၁၃ မိနစ်မှာပဲ ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်စစ်က အသက်မဲ့သွားခဲ့ပြီး ဆားဘီးယားရဲ့ တိုက်စစ်ဆင်မှုတွေကိုသာ ပွဲချိန်တစ်လျှောက်လုံးကာကွယ်ခဲ့ရတာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ဟယ်ရီကိန်းရဲ့ခေါင်းတိုက်ချက်က အင်္ဂလန်အတွက် ဒုတိယဦးဆောင်ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၁-၀ ဆိုတဲ့ကျဉ်းမြောင်းတဲ့ရလဒ်ကိုသာ ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဘယ်လင်ဟမ်ကိုလည်း ဟယ်ရီကိန်းက မယုံနိုင်စရာကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါသေးတယ်။