The network connection is lost.

Banner Image

ဆော်ဒီပစ်မှတ် မိုဆာလက်ကို အသင်းမှာ ဆက်ရှိနေစေချင်တဲ့ လီဗာပူးနည်းပြအန်းစလော့

မိုဆာလက်ကို ဆက်ထိန်းထားနိုင်ဖို့ ကလပ်အသင်းဘက်မှ အလိုရှိနေပြီး အီဂျစ်ကြယ်ပွင့်အပေါ် ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုကို မအံ့သြမိပါဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ပြောပါတယ်။
လာမယ့်ဇွန်လမှာ မိုဆာလက်ရဲ့လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့လည်း အလှမ်းဝေးနေဆဲပဲလို့ အီဂျစ်လက်ရွေးစင်က ပြီးခဲ့တဲ့လအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဆော်ဒီအားကစားဝန်ကြီး အယ်လ်ဖိုင်ဆယ်အပါအဝင် ဆော်ဒီပရိုလိဂ်ဘက်က မိုဆာလက်ကို အမိအရခေါ်ယူဖို့ ကာလရှည်ချိတ်ဆက်ခဲ့ဖူးပါတယ်။ အခုသီတင်းပတ်အတွင်းမှာလည်း အယ်လ်ဖိုင်ဆယ်က Piers Morgan Uncensored ရုပ်သံအစီအစဉ်ဆီ မိုဆာလက်ကို ဆော်ဒီပရိုလိဂ်မှာ ရှိနေစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အယ်လ်ဖိုင်ဆယ်ရဲ့မှတ်ချက်စကားနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို အန်းစလော့က “မိုဆာလက်ကို မလိုချင်ဘူးလို့ တစ်ဦးဦးက ပြောလာမယ်ဆိုရင် အံ့အားသင့်စရာ ဖြစ်သွားပါလိမ့်မယ်။
မိုဆာလက်က နှစ်ပေါင်းများစွာ ခြေစွမ်းပြကစားခဲ့ပြီး လူတိုင်းလည်း သူ့ကို လိုချင်ကြပါလိမ့်မယ်။
သူက ကျွန်တော့်ရဲ့အကြံဉာဏ်မပါဘဲနဲ့တောင် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မိုဆာလက်က ကျွန်တော့်ရဲ့အကြံပေးမှုမပါဝင်ဘဲ ကစားသမားဘဝအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို ဆက်လက်လုပ်ဆောင်သွားနိုင်ပါတယ်။ သူ့အတွက် ကျွန်တော် အကြံပေးရမယ်ဆိုရင် ကျွန်တော်ပြောမယ့်အရာက အယ်လ်ဖိုင်ဆယ်ပြောတဲ့စကားနဲ့ တူမှာမဟုတ်ပါဘူး။
ကျွန်တော်တို့အပါအဝင် လူတိုင်းလည်း သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့တွေ သူ့ကို စာချုပ်သက်တမ်းတိုးစေချင်ပါတယ်။ ဒါ ရှင်းပါတယ်။ ဒါပေမယ့် လူတစ်ဦးတစ်ယောက်က သူ့ကိုလိုချင်တယ်လို့ ပြောနေရင်လည်း ကျွန်တော်အံ့သြမိမှာ မဟုတ်ပါဘူး။ မိုဆာလက်က ကစားသမားဘဝသက်တမ်းတလျှောက် ထက်မြက်တဲ့အရာတွေ အများကြီး ပြုလုပ်ထားခဲ့ပြီးဖြစ်လို့ အခုတစ်ကြိမ်မှာလည်း သူ့အတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ဆုံးဖြတ်သွားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်လာပါစေလို့တော့ မျှော်လင့်မိတာပေါ့”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
မိုဆာလက်အပြင် အသင်းခေါင်းဆောင်ဗန်ဒိုက်နဲ့ ဒု-ကပ္ပတိန်အာနိုးလ်တို့လည်း အခုနွေရာသီမှာ စာချုပ်သက်တမ်းပြည့်မြောက်ပါလိမ့်မယ်။ အာနိုးလ်ဆိုရင် ပြီးခဲ့တဲ့လအတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှု တစ်ကြိမ်ကိုတောင် ရရှိခဲ့ပါသေးတယ်။
ဒါကြောင့် ဒီကစားသမားသုံးဦးရဲ့အနာဂတ်နဲ့ပတ်သက်လို့ သူ့ရဲ့ကိုယ်ပိုင်အမြင်ကို တောင်းခံလာချိန် အန်းစလော့က “အမှန်ပါပဲ၊ ရစ်ချတ်ဟုဂျ်လိုမျိုး နေ့စဉ်နေ့တိုင်း မဟုတ်ပေမယ့် ကျွန်တော်လည်း ဒီကစားသမားတွေနဲ့ စကားပြောဖြစ်တာများပါတယ်။
အချိန်တိုင်းမှာ အနာဂတ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ မဆွေးနွေးဘူးလို့ ပြောမယ်ဆိုရင် ရယ်စရာကြီး ဖြစ်သွားပါလိမ့်မယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာတွေရှေ့မှောက်မှာ ပြောစရာစကားတော့ မရှိသေးပါဘူး။ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားသုံးဦးအပြင် အခြားကစားသမားတွေနဲ့လည်း အနာဂတ်အကြောင်း ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ ကိုယ့်ရဲ့ကစားသမားတွေနဲ့ စကားပြောရတယ်ဆိုတာ မရပ်မနားလုပ်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ”လို့ ဆက်ပြောခဲ့ပါတယ်။