ယာမယ်လ်အနေနဲ့ အနာဂတ်မှာ ဘောလွန်းဒီအော်ဆုကိုရရှိနိုင်ကြောင်းပြောကြားလာတဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းဖော် ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ အနာဂတ်မှာ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးရရှိနိုင်ကြောင်း ခန့်မှန်းပြောကြားလာခဲ့ပြီး စပိန်သားကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
အသက်-၁၇ နှစ်သာရှိသေးပေမယ့် ယာမယ်လ်ဟာ သူ့ရဲ့အရည်အချင်းတွေကို ဘာစီလိုနာနဲ့သာမက စပိန်လက်ရွေးစင်အသင်းနဲ့ပါ ဥရောပတစ်ဝှမ်းသက်သေပြသထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လူငယ်ကစားသမားဟာ ဒီရာသီမှာလည်း ဟန်ဆီဖလစ်ရဲ့အသင်းအတွက် ၂၂ ပွဲကစားထားရာမှာ ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီးဖြစ်ပါတယ်။
ဒါ့အပြင်ကစားသမားဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဖလားကိုလည်း ရယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲအတွင်း ၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အခုလို မြင့်မားတဲ့စွမ်းဆောင်ရည်တွေကြောင့် ယာမယ်လ်ဟာ လက်ရှိမျိုးဆက်ရဲ့ အလားအလာအရှိဆုံး လူငယ်ဘောလုံးသမားအဖြစ် သတ်မှတ်ခံရထားရပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။
ယခုအခါမှာတော့ ယာမယ်လ်ရဲ့ဝါရင့်ဘာစီလိုနာအသင်းဖော် လီဝန်ဒေါစကီးက “အနာဂတ်မှာ သူဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ဖြစ်နိုင်ပါတယ်။ သေချာသလောက်ပါပဲ။ ကျွန်တော်က ကစားသမားတွေအကြောင်းကို ပြောတတ်တဲ့လူမဟုတ်ပါဘူး။ ကျွန်တော်ချီးကျူဖူးတဲ့ ကစားသမားအချို့က အနာဂတ်မှာ ကျရှုံးသွားရတာမျိုးတွေလည်းရှိပါတယ်”
“အခု ယာမယ်လ်ရဲ့အကြောင်းကိုပြောဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားပြီး တောက်ပတဲ့အနာဂတ်တွေလည်း ရှိနေတယ်လို့ထင်ပါတယ်။ သူက အသက်-၁၇ နှစ်ပဲရှိသေးပေမယ့် အသက် ၂၅-၂၆ အရွယ်ကစားသမားတစ်ယောက်လို ကစားနိုင်ပါတယ်။ သူ့မှာ အတွေ့အကြုံတွေလည်း အများကြီးရှိနေပါတယ်။ သူ့ရဲ့ပါရမီအကြောင်းကိုတော့ ကျွန်တော်မပြောလိုပါဘူး။ သူ့မှာ ကြီးမားတဲ့ပါရမီရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သူဘယ်လိုပိုကောင်းလာနိုင်မလဲ၊ လာမယ့် ၂ နှစ် ၃ နှစ် ဒါမှမဟုတ် ၁၀ နှစ် ၁၅ နှစ်အတွင်းမှာ ဘယ်အဆင့်အထိရောက်နေမလဲကတော့ ဘယ်သူမှမသိပါဘူး။ ဘောလုံးက ခက်ခဲကြမ်းတမ်းပါတယ်။ အနာဂတ်မှာလည်း သူ့ရဲ့ပတ်ဝန်းကျင်ကလူတွေ သူ့ကိုကူညီနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့် တနင်္လာနေ့မနက်မှာတော့ ဘာစီလိုနာဟာ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယာမယ်လ်အနေနဲ့ ဘာစီလိုနာကစားသမားဘဝ သူ့ရဲ့ပထဆုံး ဆုဖလားကို အယ်လ်ကလက်စီကိုပြိုင်ဘက်တွေထံကနေ ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။