မိုချန်ဂလာဘတ်ကို ၀-၁ နဲ့သာအနိုင်ရခဲ့သောကြောင့် ကျေနပ်ခြင်းမရှိကြောင်း ပြောကြားလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက သူ့ရဲ့အသင်းဟာ ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ မိုချန်ဂလာဘတ်ကို ၀-၁ နဲ့သာအနိုင်ရခဲ့ခြင်းကြောင့် ကျေနပ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ပွဲချိန်အများစုကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့သလို၊ တိုက်စစ်ဆင်မှုတွေအများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးကြောင့်သာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ကွန်ပနီရဲ့အသင်းဟာ ဂိုးဧရိယာအတွင်း အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်းမရှိဘဲ ဖြုန်းတီးမှုတွေအများအပြားပြုလုပ်ခဲ့ပါတယ်။
ပွဲအပြီးမှာ ကွန်ပနီက “ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ဓာတ်ပိုင်းမှာတော့ အရမ်းကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေအများကြီးရခဲ့ပြီး ဒုတိယပိုင်းမှာတော့ သိပ်မရခဲ့ပါဘူး။ စောစောစီးစီးပဲ ဂိုးတွေရခဲ့သင့်ပေမယ့် အဆုံးသတ်ပိုင်း မသေချာလို့ ခက်ခဲခဲ့ပါတယ်။ ဂိုးမပေးရဖို့နဲ့ အနိုင် ၃ မှတ်ရယူဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ၃ ဂိုးပြတ်လောက်အထိ အနိုင်ရခဲ့သင့်ပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ ကစားသမားအများအပြား မပါဝင်နိုင်ခဲ့ပေမယ့် စောဒကတက်မှုတွေတော့မရှိခဲ့ပါဘူး။ အဆုံးထိ တည်တည်ငြိမ်ငြိမ်နဲ့တိုက်ပွဲဝင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အနည်းဆုံး ၄ ဂိုးပြတ်လောက်အထိ အနိုင်ရဖို့ထိုက်တန်ခဲ့ပေမယ့် တိုက်စစ်ပိုင်းအဆုံးသတ်မသေချာမှုတွေကြောင့် ၁ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုနိုင်ပွဲကြောင့် ကွန်ပနီရဲ့အသင်းဟာ လေဗာကူဆင်ကို ၄ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ခဲ့ပါတယ်။