အိုလ်မို၊ ပါအူဗစ်တာတို့ မပါဝင်နိုင်ပေမယ့် ဘာစီလိုနာမှာ ပြဿနာမရှိပါဘူးလို့ အခိုင်အမာပြောဆိုတဲ့ ဟန်စီဖလစ်ခ်
Barbastro ကို အနိုင်ရရှိခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်အပြီး ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ဒါနီအိုလ်မို၊ ပါအူဗစ်တာတို့ရဲ့အခြေအနေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဒါနီအိုလ်မို၊ ပါအူဗစ်တာတို့ကို လက်ရှိအချိန်အထိ မှတ်ပုံတင်စာရင်းမသွင်းနိုင်သေးလို့ စနေညပိုင်း ကိုပါဒယ်လ်ရေးဖလားပွဲစဉ်အတွက် လက်လွှတ်ခဲ့ရပါတယ်။ လတ်တလောမှာ လာလီဂါနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့က ဒီကစားသမားနှစ်ဦး မှတ်ပုံတင်စာရင်းသွင်းနိုင်ဖို့ ဘာစီလိုနာရဲ့ကြိုးပမ်းမှုကို ပယ်ချထားခဲ့မှုနဲ့အတူ ကစားသမားတွေလည်း ဒေါသူပုန်ထကာ အနာဂတ်မရောရာမှုနဲ့ ရင်ဆိုင်လာရပါတယ်။
ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း စတုတ္ထတန်းပြိုင်ဘက်ကို လေးဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ပွဲစဉ်အပြီးမှာ ဒါနီအိုလ်မို၊ ပါအူဗစ်တာတို့ရဲ့အခြေအနေနဲ့ပတ်သက်လို့ မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျာမန်သားနည်းပြက သူ့ရဲ့အသင်းအနေဖြင့် အခြေအနေတွေကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့် အသင်းတစ်ခုလုံးကတော့ ဒီကစားသမားနှစ်ဦးကို အမြန်ဆုံးပြန်လည်ပူးပေါင်းခွင့်ရရှိလာစေဖို့ မျှော်လင့်နေတယ်လို့ ဝန်ခံသွားပါတယ်။
သတင်းထောက်တွေနဲ့တေ့ွဆုံချိန် သူက “ ဒါနီအိုလ်မို၊ ပါအူဗစ်တာတို့ ပြန်လာမှာကို လူတိုင်းလိုလားကြပါတယ်။ ကျွန်တော်တို့တွေ အထူးအာရုံစိုက်ပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အခုအခြေအနေတွေကြောင့် ဒီအသင်းမှာ ထိခိုက်ခံစားနေရတာမျိုးရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်တော်တို့တွေက ပရိုလောကသားတွေပါ။ ကစားသမားတွေအားလုံးလည်း အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့ ဒါနီအိုလ်မို၊ ပါအူဗစ်တာတို့ရဲ့အခြေအနေကို လက်ခံပေးသွားရပါမယ်။ ဒီကိစ္စတွေက အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို မထိခိုက်လာစေဖို့ ကျွန်တော် ကြိုးစားပေးနေပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ဘီလ်ဘာအိုနဲ့ရင်ဆိုင်ရမယ့် စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ဆော်ဒီနိုင်ငံဆီ လေကြောင်းဖြင့် ခရီးထွက်ခွာသွားပါလိမ့်မယ်။ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ ဗိုလ်လုပွဲမှာ မာယော့ကာ(သို့မဟုတ်)ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရပါမယ်။ တချိန်တည်းမှာပဲ ဘာစီလိုနာအသင်းက ဒါနီအိုလ်မို၊ ပါအူဗစ်တာတို့ကို မှတ်ပုံတင်စာရင်းသွင်းနိုင်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားဖွယ် ရှိပါတယ်။