
မန်ဒီကို ရောင်းချရေး ဆုံးဖြတ်ရတော့မယ့် ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ရာသီအတွက် ဖရန် ဂါစီယာ နဲ့ ရှေ့ဆက်ဖို့ စီစဉ်နေပြီး အဲဒီအတွက် ဖာလန် မန်ဒီ ကို ရောင်းချသွားဖို့ စီစဉ်နေပါတယ်။ AS သတင်းစာရဲ့ ဖော်ပြချက်အရ နည်းပြ ဇာဘီ အလွန်ဆို ဟာ ကလပ်ကမ္ဘာ့ဖလား မှာ ခြေစွမ်းပြခဲ့မှုနဲ့ ၂၀၂၄-၂၅ ရာသီရဲ့ တစ်နှစ်တာ စွမ်းဆောင်ရည်တွေကြောင့် ဂါစီယာကို ဆက်ထိန်းထားချင်ပါတယ်။ မက်ဒရစ်က ဘင်ဖီကာ ကနေ အယ်လ်ဗာရို ကာရေရက်စ် ကို ဝယ်ယူပြီးပြီဖြစ်တဲ့အတွက် ပြင်သစ်ဘယ်နောက်ခံလူ မန်ဒီဟာ တတိယရွေးချယ်စရာ ဖြစ်သွားတဲ့အတွက် သူ့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။
ကာလို အန်ဆယ်လော့တီ လက်ထက်မှာ စပိန်ဘယ်နောက်ခံလူ ဂါစီယာဟာ မန်ဒီရဲ့ ဒဏ်ရာတွေကြောင့် သူ့ရဲ့ အရည်အချင်းတွေကို ပြသဖို့ အခွင့်အရေးရခဲ့ပါတယ်။ အေစီမီလန် က အသက် ၂၅ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားမှု ပြသခဲ့ပြီးနောက် ကလပ်က ဂါစီယာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။ အီတလီကလပ်က လူကာ မိုဒရစ်ခ်ျ ရဲ့ အကြံပြုချက်အရ ဂါစီယာကို ခေါ်ယူချင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်က ကလပ်အတွက် ၅၄ ပွဲ ကစားခဲ့ပြီး ၂၄ ပွဲ ပွဲထွက်ခဲ့ကာ လာလီဂါ မှာ အရန်ကစားသမားအဖြစ် ၇ ပွဲ ပါဝင်ကစားခဲ့ပါတယ်။
ဂါစီယာရဲ့ ကိုယ်စားလှယ်က သူ့ရဲ့ ကစားသမား မီလန်နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းဆိုခဲ့ပြီး မက်ဒရစ်နဲ့ သူ့ရဲ့ စာချုပ်ကို လေးစားလိုက်နာသွားမယ်လို့ အာမခံခဲ့ပါတယ်။ စပိန်ကလပ်ကြီးက ဂါစီယာကို ၂၀၂၃ ခုနှစ်မှာ ရေယိုဗယ်လီကာနို ကနေ ပြန်လည်ဝယ်ယူခွင့်အပိုဒ်ကို အသုံးပြုပြီး ခေါ်ယူခဲ့ကာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
လော့စ် ဘလန်ကိုစ် တို့က မန်ဒီအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့်ဖြစ်နေပေမဲ့ အသက် ၃၀ နှစ်အရွယ် ကစားသမားရဲ့ အသက်အရွယ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် သူ့အတွက် အပြောင်းအရွှေ့တစ်ခု ဖြစ်မြောက်ဖို့ အချိန်ယူရမယ်ဆိုတာကိုတော့ သိရှိထားပါတယ်။