
အေဂျက်စ်ပစ်မှတ် အာမန်ဒါအတွက် မေဂျာလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေး ရသင့်တယ်လို့ဆိုတဲ့ အတ္တလန္တာယူနိုက်တက်ဥက္ကဌ ဂတ်ချ်လာဂျာဝေး
နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ မကြာသေးမီနှစ်အတောအတွင်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့တဲ့အထိ ကစားသမားစုဖွဲ့မှု ကျစ်လစ်ခဲ့တဲ့ အေဂျက်စ်အသင်းက အဓိက ကစားသမားအများစုကို ရောင်းချခဲ့ရတာကြောင့် ရလဒ်တွေ ယိမ်းယိုင်လာချိန်မှာ အာမန်ဒါကို ခေါ်ယူရန် ချိတ်ဆက်မှုအချို့ပြုလုပ်နေတဲ့အပေါ် အတ္တလန္တာယူနိုက်တက်ဥက္ကဌ လာဂျာဝေးက မှတ်ချက်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
အတ္တလန္တာယူနိုက်တက်အသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဂါ့ဒ်လာဂျာဝေးက တိုက်စစ်မှာ အားထားနေရတဲ့ သီယာဂို အာမန်ဒါအတွက် မေဂျာလိဂ်ကနေ အယ်လ်မီရွန်ပြောင်းရွှေ့စဉ် ရောင်းချခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို ကျော်ကာ လိဂ်ရဲ့ သမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးထားနိုင်ခဲ့တဲ့ အာမန်ဒါအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် အတ္တလန္တာယူနိုက်တက်အသင်းနဲ့အတူ ကစားထားတဲ့ ပွဲစဉ်တွေမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် လိဂ်ရဲ့ အကောင်းဆုံးသမားဆု ရရေးအတွက်ပါ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်ကလပ် အေဂျက်စ်အသင်းက အာမန်ဒါကို ခေါ်ယူရေးအတွက် အားစိုက်လုပ်ဆောင်နေတာဖြစ်ပြီး ဥရောပ ဈေးကွက်ဖွင့်မယ့် ရှေ့လာမယ့် ဇန်နဝါရီလတွင် အတ္တလန္တာယူနိုက်တက်အသင်းဘက်ကို ကမ်းလှမ်းမှုပြုလုပ်သွားနိုင်တဲ့အကြောင်း သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
အာမန်ဒါအတွက် မေဂျာလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ရသင့်တယ်ဆိုတဲ့ အကြောင်းနဲ့ ပက်သက်လို့ ဥက္ကဌ ဂတ်ချ်လာဂျာဝေးက“တစ်ခြားအသင်းတွေဘက်မှ ကမ်းလှမ်းချက်ကို လိုက်ပြီး ထိန်းချုပ်လို့မရဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ အာမန်ဒါအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ခု ပေးချေသင့်တယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ သူ့အနေနဲ့ ဆန္ဒရှိသလောက် နေနိုင်ပါတယ်။ ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ အကျိုးယုတ်မယ် မထင်ပါဘူး။ ကျွန်တော်တို့အသင်းက တောင်အမေရိကရဲ့ အလားအလာမြင့်တဲ့ ကစားသမားကို ခေါ်ယူထားတာပါ။ အယ်လ်မီရွန်လိုမျိုးပေါ့။ အခုဆို နယူးကာဆယ်အတွက် အထောက်အကူဖြစ်နေပါပြီ” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။