The network connection is lost.

Banner Image

ယခုနှစ်ဘောလွန်းဒီအော်ဆုကို ယာမယ်လ်ရသင့်တယ်လို့ဆိုလာတဲ့ စပိန်နည်းပြ ဖွန်တေ

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက ပြင်သစ်ကို ၅-၄ နဲ့အနိုင်ရခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ရဲ့ စွမ်းဆောင်ရည်တွေကို ထောက်ပြလာခဲ့ပြီး အသက်-၁၇ နှစ်အရွယ်ကစားသမားဟာ ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးသင့်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ယာမယ်လ်ဟာ ပြင်သစ်နဲ့ပွဲစဉ်မှာ အတော်လေးခြေစွမ်းပြသနိုင်ခဲ့သလို၊ အရေးပါတဲ့သွင်းဂိုး ၂ ဂိုးကိုလည်းသွင်းယူပေးနိုင်ခဲ့တာကြောင့် စပိန်အသင်းကို ဗိုလ်လုပွဲသို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စပိန်နဲ့အတူ ယူရိုချန်ပီယံရှစ်ဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့ ယာမယ်လ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ပြည်တွင်းဆုဖလား ၃ ကြိမ်အထိရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် အသက်-၁၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၁၈ ဂိုးအထိရယူကာ၊ ဂိုးဖန်တီးမှုလည်း ၂၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဖွန်တေက "လာမိုင်းက ဘောလွန်းဒီအော်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးကိုပြသထားနိုင်လို့ ဒီဆုကိုလည်း ရသင့်ပါတယ်။ ဒီနေ့ ကမ္ဘာ့အကောင်းဆုံးအသင်း ၂ သင်းထိပ်တိုက်တွေ့ခဲ့ပြီး ကျွန်တော်တို့ကအနိုင်ရခဲ့ပါတယ်"

"ပြင်သစ်လိုအသင်းကို ၅ ဂိုးအထိသွင်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ မြင့်မားတဲ့အဆင့်အတန်းကိုပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 
ယာမယ်လ်ကတော့ တစ်ဦးချင်းဆုတံဆိပ်တွေထက် အသင်းနဲ့အတူအောင်မြင်မှုရယူဖို့ အာရုံစိုက်ထားကြောင်းကို "ကျွန်တော်ရှိသမျှအကုန်ပေးဆပ်ပြီး ကစားသွားမယ်လို့ အမေ့ကိုပြောနေကျပါ။ မနက်မိုးလင်းတိုင်း ကျွန်တော့်ကိုတွန်းအားပေးနိုင်တဲ့အရာတစ်ခုက ဘောလုံးပါပဲ။ ပြင်သစ်မှာ ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့မှာ အန္တရာယ်များတဲ့ကစားသမားတွေအများကြီးပါပဲ။ ပေါ်တူဂီကလည်း ကမ္ဘာ့အဆင့်ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ် ကျွန်တော်တို့ဆုဖလားကို အိမ်အရောက်သယ်လာနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ပြင်သစ်ဘက်ကို ဒုတိယသွင်းဂိုး သွင်းယူခဲ့တဲ့ ကွင်းလယ်လူ မီခေးလ်မီရီနိုကလည်း "၅-၁ လောက်အထိ ဂိုးပြတ်သွားလိမ့်မယ်လို့ ကျွန်တော်တို့မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် ဒီလိုဘောလုံးအဆင့်အတန်းမှာ ဘာကိုမှအာမ မခံနိုင်ပါဘူး။ ဒီအသင်းအတွက်အရမ်းဂုဏ်ယူပါတယ်။ ဒီတစ်ခေါက်ဗိုလ်လုပွဲမှာလည်း နောက်ထပ်ဆုဖလားရရှိဖို့ တိုက်ပွဲဝင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။