ဖိုဒန်နဲ့တွဲဖက်အလုပ်လုပ်ရတာက ဘုရားသခင်ရဲ့လက်ဆောင်တစ်ခုဖြစ်တယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက လိဒ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးကို ပွဲပြီးကာနီးမှာသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဖီးလ်ဖိုဒန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ဖိုဒန်နဲ့တွဲဖက်အလုပ်လုပ်ရတာက အလွန်ပျော်စရာကောင်းကြောင်းနဲ့ ဘုရားသခင်ရဲ့လက်ဆောင်တစ်ခုဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ဖိုဒန်ဟာ မန်စီးတီးအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီမှာ အကောင်းဆုံးခြေစွမ်းတွေပြန်လည်ရရှိလာတာလည်းဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ လိဒ်နဲ့ပွဲစဉ်မှာ အသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပြီး မန်စီးတီးအတွက်ဦးဆောင်ဂိုးကို ပွဲအစ ၁ မိနစ်မှာပဲသွင်းယူပေးခဲ့သလို၊ အနိုင်ဂိုးကိုလည်း ၉၀+၁ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်ပွဲအပြီးမှာ ဂွါဒီယိုလာက "ဒီရာသီမှာမြင်တွေ့နေရတဲ့ဖိုဒန်က ပြီးခဲ့တဲ့ ၂ ရာသီအကြာကဖိုဒန်နဲ့ တစ်ပုံစံတည်းဖြစ်နေပါတယ်။ သူ့ကိုပိုင်ဆိုင်ထားရတာက ပျော်ရွှင်စရာ၊ အားရကျေနပ်စရာနဲ့ ဘုရားသခင်ရဲ့လက်ဆောင်တစ်ခုလိုပါပဲ။ သူအသက် ၁၆-၁၇ လောက်မှာ အသင်းကိုစရောက်ခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်မှာပဲ သူ့ရဲ့အလားအလာကိုမြင်တွေ့ခဲ့ရပါတယ်။ တကယ်ကောင်းတဲ့ကစားသမားဆိုတာ အဲဒီအချိန်ကတည်းက ကျွန်တော်သိနေခဲ့ပါတယ်။ သူက နှစ်တိုင်းနှစ်တိုင်းမှာ တဖြည်းဖြည်းပိုပိုကောင်းလာခဲ့တာပါ"
"လွန်ခဲ့တဲ့ ၂ နှစ်က ရာသီနောက်ဆုံးပွဲစဉ် ဝက်စ်ဟမ်းနဲ့ပွဲမှာအနိုင်ရခဲ့တုန်းက ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ဖိုဒန်ကလည်း လိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော်တို့အတွက်ရော၊ သူ့အတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်"
"ဒါပေမယ့် ဖိုဒန်ရဲ့တိုးတက်မှုကတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူ့ကို နှစ်တိုင်းမှာ ထိပ်တန်းကစားသမားတစ်ယောက်အဖြစ်ရပ်တည်စေခဲ့ပါတယ်။ သူ့ရဲ့မန်နေဂျာဖြစ်ရတာ အရမ်းဝမ်းသာပါတယ်။ သူက အမြဲတမ်းတိုးတက်ဖို့အတွက် အဆင်သင့်ရှိနေသူပါ"
"ကျွန်တော်ကသူ့ကို ဘယ်နေရာမှာကစားရမယ်လို့ပြောရင် သူက သူကစားချင်တဲ့နေရာကိုပြန်ပြောပြီး အသင်းကို ကူညီပေးနိုင်တယ်ဆိုတာ သက်သေပြပါတယ်။ သူက အရမ်းလည်းအပြုသဘောဆောင်တဲ့ကစားသမားဖြစ်ပြီး ဒီပွဲကိုမဖြစ်မနေအနိုင်ယူရမယ်လို့လည်း ပြောတတ်ပါတယ်။ အသင်းကရှုံးနေပြီးအခြေအနေမလှခဲ့ရင်တော့ သူက သူ့ကိုဘောလုံးပေးဖို့နဲ့ ဂိုးသွင်းပေးဖို့အတွက် အမြဲတမ်းကြိုးစားပေးခဲ့ပါတယ်။ လိဒ်နဲ့ပွဲကလည်း သူ့ကြောင့်ပဲကျွန်တော်တို့နိုင်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။