ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့တာကို ဂျော်ဂျီနာ ကင်ပွန်းတပ်လိုက်တာက ရေစက်တဲ့...
စပိန်မော်ဒယ် ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ရေစက်ပါလာတာကြောင့် ဘောလုံးကြယ်ပွင့် ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ဂျော်ဂျီနာဟာ ရော်နယ်ဒိုနဲ့ သမီးတစ်ဦးရထားပြီးနောက် အခုလည်း အမြွာကိုယ်ဝန်လွယ်ထားတာ ၅လရှိပြီဖြစ်ပြီး နက်ဖလစ်စ်မှာ ပြသမယ့် သူ့ရဲ့မှတ်တမ်းဗီဒီယိုမှာ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟသွားမယ်လို့ ပြောပါတယ်။ Soy Georgina လို့ အမည်ပေးထားတဲ့ အဲဒီမှတ်တမ်းဗီဒီယိုကို ဘယ်အချိန် ဖြန့်ချိမလဲဆိုတာ မသိရသေးပေမယ့် ပရိသတ်တွေကတော့ လူမှုမီဒီယာမှာ အဲဒီထဲက ပြကွက်တချို့ကို သိထားပြီးဖြစ်ပါတယ်။
ဂျော်ဂျီနာကလည်း အဲဒီဗီဒီယိုနဲ့ပတ်သက်လို့ ဘယ်လိုဆိုးရွားတဲ့မှတ်ချက်မျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလို့ မဂ္ဂဇင်းတစ်စောင်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
စပိန်ဘာသာစကားနဲ့ ထုတ်ဝေတဲ့ Cosmopolitan မဂ္ဂဇင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ သူက ''ကျွန်မအနေနဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာဖို့ ကြိုးစားနေပါတယ်။ ကျွန်မဟာ ကံကြမ္မာကို အပြည့်အဝယုံကြည်ပါတယ်။ ပြောချင်တာကတော့ ကိုယ်ပေးတဲ့ဟာ ကိုယ်ပြန်ရတဲ့သဘောပါ''လို့ ဂျော်ဂျီနာက ပြောပါတယ်။
အာဂျင်တီးနားဖွား စပိန်သူလေး ဂျော်ဂျီနာဟာ ၂၀၁၆ ဇွန်လက မက်ဒရစ်မြို့ရှိ ဖက်ရှင်ဆိုင်တစ်ဆိုင်မှာ တစ်နာရီ ၁၀ ပေါင်ရတဲ့ အရောင်းစာရေးအဖြစ် လုပ်ကိုင်နေတုန်း ဈေးလာဝယ်တဲ့ ရော်နယ်ဒိုနဲ့ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနောက် သူတို့နှစ်ဦး နှလုံးသားချင်းရင်းနှီးသွားကာ ဒိတ်ခဲ့ကြပါတယ်။
မကြာသေးခင်ကမှ ရော်နယ်ဒိုရဲ့တခြားကလေး ၃ဦးအပါအဝင် သူတို့ရဲ့ကလေးတွေကို ဆန်တာကလော့စ်နဲ့ တွေ့ဆုံဖို့ အံ့ဖွယ်ခရီးစီစဉ်ပေးခဲ့တဲ့ ဂျော်ဂျီနာဟာ Cosmopolitan မဂ္ဂဇင်းမှာ ကာဗာစတားအဖြစ် အနှီရောင်ဝတ်စုံလေးနဲ့ ဂိုက်ပေးကြမ်းခဲ့ပြီး ကိုယ်ဝန်လွယ်ထားရတာကို မပေါ်အောင် ရိုက်ကူးသွားပါတယ်။
ဂျော်ဂျီနာဟာ အတူနေချစ်သူ ရော်နယ်ဒို မပါပေမယ့် ကလေးတွေ ပျော်ရွှင်ရအောင် ခရီးထွက်ခဲ့တာဖြစ်ပြီး ၃နှစ်အရွယ် သမီးလေး အလန်နာမာတီနာနဲ့အတူ ရော်နယ်ဒိုရဲ့ အခြားကလေး ၃ယောက်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ ခရစ္စမတ်ကာလပျော်ပွဲရွှင်ပွဲအဖြစ် ဆွီဒင်၊ နော်ဝေ၊ ရုရှား၊ ဘော်လ်တစ်ပင်လယ်တို့နဲ့ ထိစပ်နေတဲ့ ဖင်လန်နိုင်ငံ၊ မြောက်ပိုင်းဒေသက Lapland ကို ကလေးတွေနဲ့အတူ ခရီးထွက်ခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ ခရစ္စမတ်ကာလပျော်ပွဲရွှင်ပွဲ ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။
သူတို့ဟာ နှင်းတွေထူထပ်စွာကျဆင်းနေတဲ့ Lapland ဒေသမှာ အထူးပြင်ဆင်ထားတဲ့ သစ်သားအိမ်ငယ်လေးထဲမှာ တစ်ညတာ ဖြတ်သန်းခဲ့ပြီး အဲဒီမှာ သစ်ပင်တွေကို ခရစ္စမတ်ပုံစံ ပုံဖော်ထားသလို ဖယောင်းတိုင်လေးထွန်းရင်း ခရစ္စမတ်ညကို ဖြတ်သန်းခဲ့ကြတာပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ အဲဒီသစ်သားအိမ်မှာ နေထိုင်တဲ့အတွက် တစ်ည ပေါင် ၁၅၀၀ ကုန်ကျတယ်လို့ သိရပေမယ့် ဂျော်ဂျီနာကတော့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး မိခင်တစ်ဦးဖြစ်ခွင့်ရလို့ အဲဒီခရီးလေးကို အမှတ်ရနေမှာဖြစ်ကြောင်း ပြောပါတယ်။
ရော်နယ်ဒိုရဲ့မိခင် ဒိုလိုရက်စ်အဗီရိုအပါအဝင် မိသားစုဝင်အားလုံး ခရစ္စမတ်ကာလရောက်ရင် မန်ချက်စတာမှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒိုလိုရက်စ်ကလည်း ဂျော်ဂျီနာကို သဘောအကျကြီးကျနေပါတယ်။ ဒါ့အပြင် ဒိုလိုရက်စ်က သားဖြစ်သူအနေနဲ့ သူ့ရဲ့ အသက် ၆၇ နှစ်ပြည့်မွေးနေ့ပွဲကို လာရောက်ပြီး မိုင်ဒါရာမှာ နှစ်သစ်ကူးကာလကို အတူတူကျော်ဖြတ်ကုန်ဆုံးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။