မက်ဂွါရီကို စာချုပ်သက်တမ်းတိုးမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှာ ဦးဆောင်နိုင်စွမ်းရှိတဲ့ကစားသမားတွေ လိုအပ်နေတာကြောင့် ဝါရင့်ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီကို စာချုပ်သက်တမ်းတိုးမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ပြိုင်ပွဲစုံ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့တဲ့ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာသာရပ်တည်ထားနိုင်ပြီး တန်းဆင်းဇုန်နဲ့ရမှတ် ၇ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယား စတုတ္ထနေရာက ချဲလ်ဆီးနဲ့ ရမှတ် ၁၃ မှတ်အထိကွာဟနေပြီး နည်းပြအာမိုရင်ကိုယ်တိုင် အသင်းဟာ တန်းမဆင်းနိုင်ဘူးလို့ ပြောလို့မရကြောင်း ဝန်ခံထားပြီးဖြစ်ပါတယ်။
မက်ဂွါရီဟာ ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ်ကျရောက်နေချိန်တွေမှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထထူးကို ပုံမှန်ရရှိထားသူဖြစ်ပြီး ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာလည်း အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အသက်-၃၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက မန်နေဂျာဟောင်းအဲရစ်တန်ဟက်လက်အောက်မှာ ၁၈ ပွဲသာကစားခွင့်ရခဲ့ပေမယ့် ယခုအခါမှာတော့ နည်းပြသစ် အာမိုရင်ရဲ့ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်အောင် ကစားထားနိုင်ပါတယ်။
ဒါကြောင့် အာမိုရင်က "ကျွန်တော်တို့ မက်ဂွါရီကိုအသင်းမှာဆက်ထားဖို့ရွေးချယ်ထားပါတယ်။ ဒီမနက်က ကျွန်တော် သူနဲ့စကားပြောဖြစ်ခဲ့ပြီး တိုးတက်ဖို့လိုတဲ့အကြောင်း အသိပေးထားပါတယ်။ ကျွန်တော်တို့သူ့ကို အရမ်းလိုအပ်ပါတယ်။ သူက ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း တိုးတက်ရပါမယ်။ လက်ရှိအသင်းရဲ့အခြေအနေကို အားလုံးလည်းသိထားတော့ သူ့လိုကစားသမားတွေက အခုချိန်မှာအားကိုးရမှာပါ။ အသင်းမှာ ခေါင်းဆောင်တွေအများကြီးလိုအပ်နေပါတယ်။ သူက ခေါင်းဆောင်တစ်ယောက်ပါ။ ဒါကိုသူ သက်သေပြရပါမယ်။ ခြေစွမ်းလည်း တိုးတက်ရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
မက်ဂွါရီအပြင် တောင်ပံကစားသမားလေး အာမက်ဒီယာလိုကိုလည်း စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီဖြစ်ကြောင်း အာမိုရင်က ထပ်လောင်းအသိပေးခဲ့ပါသေးတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားတဲ့ လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။