The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ပွဲမှ အာမိုရင်ရဲ့ နည်းဗျူဟာတွေကို ဝေဖန်အပြစ်တင်လာတဲ့ နဗီးလ်

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ယမန်နေ့ညက တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နည်းပြရူဘင်အာမိုရင်ရဲ့ နည်းဗျူဟာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လာခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့ယူနိုက်တက်ဟာ တော့တင်ဟမ်နဲ့ပွဲမှာ ပထမပိုင်းအတွင်း ပေါင် ၄၄၈ သန်းတန်ကြေးရှိတဲ့ လူစာရင်းကိုပွဲထုတ်ခဲ့ပေမယ့် အားရစရာကောင်းတဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ 

ယခုပွဲစဉ်မှာ တော့တင်ဟမ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဂျိမ်းစ်မက်ဒီဆင်က အနီးကပ်ပိတ်သွင်းယူခဲ့ပြီး အသင်းကို အနိုင် ၃ မှတ်ရရှိစေခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်အနေနဲ့ ယခုပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းချက် ၅ ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး ၃ ကြိမ်ဂိုးပေါက်တည့်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဂိုးပေါက်ကန်သွင်းချက် ၈ ကြိမ်မှာ ၂ ကြိမ်သာဂိုးပေါက်တည့်ခဲ့ပါတယ်။ 

ဒါကြောင့် ပွဲအပြီးမှာ နဗီးလ်က အာမိုရင်ရဲ့နည်းဗျူဟာတွေကိုဝေဖန်လာခဲ့ပြီး ရှက်စရာကောင်းတယ်လို့ ရက်ရက်စက်စက်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ကစားသမားဟောင်းက "ကွင်းလယ်ကစားသမား ၂ ယောက်အကြားက အကွာအဝေးက မဖြစ်သင့်တဲ့အနေအထားမှာရှိခဲ့ပါတယ်။ ကတ်စ်မဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ချိတ်ဆက်မှုက မမှန်ကန်ပါဘူး။ ဒီနေ့မှာ ယူနိုက်တက်အနေနဲ့ ဂိုးတွေသွင်းပြီးနိုင်ပွဲရခဲ့သင့်ပေမယ့် အသင်းရဲ့တည်ဆောက်ပုံက အတော်လေးဆိုးဝါးပါတယ်။ အထူးသဖြင့် ကတ်စ်မဲရိုးနဲ့ ဖာနန်ဒက်စ်တို့အကြားမှာ နေရာလွတ်အကျယ်ကြီးရှိနေခဲ့ပါတယ်"

"ဒါက နည်းဗျူဟာတစ်ခုဖြစ်ပြီး သူတို့ ၂ ယောက်ကို ဒီလိုကစားဖို့ အာမိုရင်က ညွှန်ကြားထားတာပါ။ ဖာနန်ဒက်စ်က ညာတောင်ပံမှာ ကစားသမားနေခဲ့လို့ ကွင်းလယ်မှာ လစ်ဟာမှုတွေရှိခဲ့ပါတယ်။ ဒီလိုကစားကွက်မျိုးကို အသက်-၁၀ နှစ်အရွယ်ကလေးတွေတောင်မကစားပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဘယ်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကလည်း စိတ်ပျက်စရာခြေစွမ်းနဲ့အတူ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ အာမိုရင် လက်အောက်မှာ ပရီးမီးယားလိဂ်သွင်းဂိုးမရသေးတဲ့ အာဂျင်တီးနားသားဟာ ယခုပွဲစဉ်မှာ ဂိုးပိုက်နဲ့ ၁၁ ကိုက်အကွာကနေ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ကန်ချက်က မိုးပေါ်ထောင်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂါနာချိုရဲ့ ပရီးမီးယားလိဂ်မှာ အခွင့်အရေးအသုံးချနိုင်စွမ်းက ၁၄ ရာခိုင်နှုန်းသာရှိတော့တဲ့အထိ ကျဆင်းသွားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာမိုရင်ဟာ ဒဏ်ရာပြဿနာတွေကြောင့် စီနီယာကစားသမား ၁၂ ဦးသာ ထည့်သွင်းနိုင်ခဲ့ပြီး အသင်းရဲ့အကယ်ဒမီကစားသမား ၇ ဦးအပါအဝင် ဆယ်ကျော်သက်ကစားသမား ၈ ဦးကို အရန်လူစာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။