
တံတောင်ဆစ်ခွဲစိတ်မှုခံယူပြီးနောက် ဝေါ်လ်ကာတစ်ယောက် အနားယူရမယ်လို့ အေစီမီလန် အတည်ပြု
အေစီမီလန်အသင်းက နောက်ခံလူ ဝေါ်လ်ကာတစ်ယောက် တံတောင်ဆစ်ခွဲစိတ်မှုခံယူပြီးနောက် အနားယူရမယ်လို့ အတည်ပြုလိုက်ပါတယ်။ စီးတီးထံကနေ အငှားနဲ့ရောက်လာပြီးကတည်းက ဝေါ်လ်ကာဟာ အေစီမီလန်ရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အခုချိန်မှာတော့ တံတောင်ဆစ်ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး အနားယူရတော့မှာဖြစ်ပါတယ်။
“ဝေါ်လ်ကာတစ်ယောက် ဒီနေ့မှာ သူ့ရဲ့ညာဘက်တံတောင်ဆစ်ကို ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ သူ့အနေနဲ့ ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်ဖို့ အချိန်တစ်ခုလောက်နားရပါမယ်။ ခွဲစိတ်မှုက အားလုံးအဆင်ပြေပြေဖြစ်ခဲ့ပါတယ်။ အခုဆို ကိုင်လီပြန်လည်ကြံ့ခိုင်မှုအတွက် ချက်ချင်းလုပ်ဆောင်နေပါပြီ”လို့ မီလန်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အင်္ဂလန်သားဘယ်အချိန်ပြန်လာမလဲဆိုတာ မသိရသေးပေမယ့် နည်းပြ ကွန်ဆီကာအိုကတော့ ရာသီမကုန်ခင်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာ အေစီမီလန်အနေနဲ့ စီးရီးအေအမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ကွန်းဖရန့်လိဂ်ဝင်ခွင့်နဲ့ ၇ မှတ်ကွာဟနေပါတယ်။ သောကြာနေ့မှာ မီလန်အသင်းဟာ အူဒီးနီးစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် အတ္တလန္တာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တကယ်လို့ အဆိုပါပွဲတွေမှာသာ ၆ မှတ်ရယူနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီဥရောပဝင်ခွင့်တစ်နေရာအတွက် အခြေအနေကောင်းလာနိုင်ပါတယ်။ ဝေါ်လ်ကာအနေနဲ့လည်း အလျင်အမြန်ပြန်လာနိုင်မယ်ဆိုရင် မီလန်ရဲ့ဥရောပအိပ်မက်က ပိုမိုအသက်ဝင်လာဖွယ်ရှိနေပါတယ်။