The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုပေးပွဲမတက်ရန် ရီးရဲလ်မက်ဒရစ်အသင်း ညွှန်ကြားခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဗင်နီးစီးယက်စ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီးစီးယက်စ်က ရိုဒရီအောင်ပွဲခံနိုင်ခဲ့တဲ့ ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားဆီ မတက်ရောက်ဖို့အတွက် ကလပ်အသင်းဘက်မှ သူ့ဆီ ညွှန်ကြားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဗင်နီစီးယက်စ်က ၂၀၂၄ ခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမယ့် နောက်ဆုံးအချိန်မှာတော့ ရိုဒရီကို မကျော်ဖြတ်နိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။ အခုအချိန်မှာ ဗင်နီးစီးယက်စ်က ဒီဆုပေးပွဲအခမ်းအနားဆီ မတက်ရောက်ဖို့အတွက် ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ချမှတ်ခြင်းမဟုတ်ဘဲ ကလပ်အသင်းရဲ့ညွှန်ကြားချက်ကိုသာ လိုက်နာခဲ့ရတာပါလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အခုလို အရှိန်အဝါကြီးမားလှတဲ့ ဆုပေးပွဲအခမ်းအနားဆီ မတက်ရောက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဗင်နီးစီးယက်စ်တို့ကြောင့် အငြင်းအခုန်များစွာ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ စီရော်နယ်ဒိုအပါအဝင် ဘောလုံးလောကရဲ့အထင်ကရရှိသူတွေနဲ့ အသင်းဖော်တွေက ဘရာဇီးကြယ်ပွင့်ကို ထောက်ခံပေးခဲ့ကြပါတယ်။ ဗင်နီးစီးယက်စ်က ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပေမယ့် မကြာခင်ကာလအတွင်း ဒီဆုကို ဆွတ်ခူးနိုင်ဖို့အတွက်တော့ မျှော်လင့်ထားတယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဗင်နီးစီးယက်စ်က “ဆုမရရှိလို့ သစ္စာဖောက်တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ မရှိခဲ့ဖူးပါဘူး။ ဒီနေရာမှာ သူတို့ယုံကြည်တဲ့အရာအတွက် မဲပေးခဲ့ကြသူတွေ ရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အသင်းဖော်တွေဆီမှာလည်း ကိုယ်ပိုင်အတွေးအမြင်တွေ ရှိပါတယ်။ ကျွန်တော်က ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးပါဘူး။ အမှန်ပါပဲ၊ ဒီဆုကို အနိုင်ရရှိဖို့ နီးကပ်လာချိန်မှာ ဒီဆုကို ရရှိချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အခြားဆုတွေဆွတ်ခူးနိုင်ဖို့အတွက် ရွေးချယ်စရာတွေလည်း ရှိလာပါလိမ့်မယ်။ ကျွန်တော်က ချန်ပီယံလိဂ်ဆုဖလားကို နှစ်ကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပြီး ဆုဖလားတွေဆွတ်ခူးနိုင်ဖို့အတွက်လည်း ဒီနေရာမှာ ရှိနေတာပါ”လို့ ပြောပါတယ်။

ဘော်လွန်းဒီအော်ဆုပေးပွဲမတက်ရောက်ခြင်းနဲ့ပတ်သက်လို့ သူက “ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို ကလပ်အသင်းဘက်မှ ညွှန်ကြားပေးပါတယ်။ သူတို့တွေက ကျွန်တော့်ကို မက်ဒရစ်မှာပဲ ရှိနေဖို့ ပြောခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း မက်ဒရစ်မှာပဲ အေးအေးဆေးဆေးရှိနေခဲ့ပါတယ်” လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်က အခုညပိုင်းမှာ ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းအဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲကြီးပွဲကောင်းရင်ဆိုင်သွားရပါမယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ဗင်နီးစီးယက်စ်ကိုယ်တိုင်လည်း အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။