The network connection is lost.

Banner Image

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ မက်ဆီ

၂၀၂၅ ခုနှစ်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ကလပ်အသင်း အင်တာမီယာမီနဲ့အတူ ကလပ်အမေရိကကို ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ အနိုင်ရခဲ့ပြီးနောက် အာဂျင်တီးနားအသင်းခေါင်ဆောင် လီယွန်နယ်မက်ဆီက သူ့အနေနဲ့ ဘောလုံးကစားရတာ စိတ်လှုပ်ရှားနေဆဲဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ဆက်လက်ပါဝင်ကစားနိုင်ချေရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ 

၂၀၂၆ ခုနှစ်အရောက်မှာ မက်ဆီအနေနဲ့ အသက်-၃၉ နှစ်အရွယ်ထိ ရောက်ရှိနေမှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပါဝင်ကစားနိုင်ဖို့က မသေချာတဲ့အခြေအနေမှာရှိနေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အင်တာမီယာမီကြယ်ပွင့်ဟာ ထိပ်တန်းခြေစွမ်းကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ကလပ်အမေရိကကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ  မက်ဆီက “ကျွန်တော်တို့ ရာသီကြိုကိုကျော်ဖြတ်နေကြပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေလည်း အများကြီးလုပ်ပြီးပါပြီ။ နည်းပြသစ်တစ်ယောက်နဲ့အတူ တိုးတက်နိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်တွေက ကူညီပေးပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ရှိမရှိမေးမြန်းခဲ့ရာ အာဂျင်တီးနားသားက “ကျွန်တော်အခုမှ ဒီနှစ်ကို စတင်နေတုန်းရှိပါသေးတယ်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့စတင်နေပြီး စိတ်အားထက်သန်မှုတွေလည်းရှိနေပါတယ်။ ကောင်းမွန်တဲ့ရာသီကြိုခရီးစဉ်ကို ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တကယ့်ပြိုင်ပွဲတွေလာချိန်မှာလည်း အကောင်းဆုံးပုံစံရရှိဖို့ ကြိုးစားသွားပါမယ်” လို့ဖြေကြားခဲ့ပါတယ်။ 

ယခုနှစ်မှာ အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ မက်ဆီကို ကြံ့ခိုင်ရေးပြည့်ဝနေဖို့ မျှော်လင့်နေမှာဖြစ်ပြီး မေဂျာလိဂ်ကလပ်ဟာ အုပ်စု(က) အတွင်း ပါမီးယက်စ်၊ ပေါ်တို၊ အယ်လ်အာလီတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ မက်ဆီက “ဒီပြိုင်ပွဲမတိုင်ခင် ကျွန်တော်တို့မှာ ပွဲစဉ်တွေအများကြီးကစားဖို့ရှိပါသေးတယ်။ ဒီနှစ်က ပွဲစဉ်တွေအများကြီးနဲ့ပြည့်နှက်နေပါတယ်။ ကလပ်ကမ္ဘာ့ဖလားက ဇွန်လမှပါ။ ခက်ခဲတဲ့ အုပ်စုထဲမှာကျရောက်နေပြီး တိုက်ပွဲဝင်သွားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အဲဒီပွဲစဉ်တွေမတိုင်ခင် အခြားပွဲတွေလည်းအများကြီးကစားဖို့ကျန်နေပါသေးတယ်” လို့ဖြေကြားခဲ့ပါတယ်။ 

လာမယ့်ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အင်တာမီယာမီဟာ နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် ယူနီဗာစီတာရီယိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မက်ဆီအနေနဲ့ အသင်းအတွက် ဆက်လက်ပါဝင်ကစားလာနိုင်ချေရှိပါတယ်။ ၂၀၂၅ ခုနှစ်မေဂျာလိဂ်ပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး အဖွင့်ပွဲမှာ အင်တာမီယာမီက နယူးယော့ခ်စီးတီးနဲ့ ကစားသွားရပါမယ်။