
ဘော်ဒါကြီးဂျိုတာ တိမ်းပါးသွားမှုအတွက် အရမ်းနာကျင်ခံစားရတယ်လို့ ဖွင့်ဟလာတဲ့ လူးဝစ်ဒီယက်ဇ်
လီဗာပူးတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်က စိတ်မကောင်းစရာ ဂျိုတာရဲ့နာရေးသတင်းကို ကြားသိပြီးနောက် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ်လို့ ဖွင့်ဟပြောပြခဲ့ပါတယ်။လီဗာပူးအသင်းမှာ အရင်းနှီဆုံးသူငယ်ချင်းတစ်ဦးဖြစ်သလို ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်ဖြစ်သူရဲ့ မမျှော်လင့်ထားတဲ့ကွယ်လွန်တိမ်းပါးမှုအကြောင်း တောင်အမေရိကဒေသဆီ ရောက်ရှိနေချိန် ဒီယက်ဇ်က ရုပ်သံသတင်းဌာနတစ်ခုဆီ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားတို့ လွန်ခဲ့တဲ့သီတင်းပတ်၊ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း ကွယ်လွယ်တိမ်းပါးသွားခြင်းကြောင့် ဘောလုံးကမ္ဘာတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ ဒီယက်ဇ်ကိုယ်တိုင်လည်း ကိုလံဘီယာနိုင်ငံရှိနေအိမ်သို့ ပြန်လည်ရောက်ရှိနေခြင်းကြောင့် ချက်ချင်းဆိုသလိုပြုလုပ်ခဲ့တဲ့ အရင်းနှီးဆုံးသူငယ်ချင်းရဲ့နောက်ဆုံးခရီးကို မပို့ဆောင်နိုင်ခဲ့ပါဘူး။ ၂၀၂၃ ခုနှစ်အတွင်း ဒီယက်ဇ်ရဲ့ဖခင် ပြန်ပေးဆွဲခံရချိန် ဂျိုတာကိုယ်တိုင် အားပေးကူညီမှုတွေ ပြုလုပ်ပေးခဲ့ပြီးနောက် ဒီကစားသမားနှစ်ဦးအကြား အတော်လေးရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။
WinSportsTV နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဒီယက်ဇ်က “ ဒီလိုသတင်းမျိုး လက်ခံကြားသိရတာ အလွန်ခက်ခဲသလို အရမ်းလည်း ဝမ်းနည်းမိပါတယ်။ ဒီလိုမမျှော်လင့်ထားတဲ့ကိစ္စအတွက် ဘယ်သူမှ မပြင်ဆင်ထားပါဘူး။ သူ့မိသားစုရဲ့နွေးနွေးထွေးထွေးကြိုဆိုမှုတွေကြောင့် လီဗာပူးဆီ ကျွန်တော်ရောက်လာချိန် သူက ကျွန်တော့်ရဲ့အဓိကအသင်းဖော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ဦးအကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ဦးအကြား အားကောင်းတဲ့ပြိုင်ဆိုင်မှုလည်း ရှိခဲ့ပါတယ်။
ဂျိုတာက ကျွန်တော်နဲ့ပတ်သက်ပြီး အရမ်းကောင်းတဲ့အပြုအမူတစ်ခု ပြုလုပ်ပြခဲ့လို့ ဒီလုပ်ရပ်ကို ကျွန်တော် ဘယ်တော့မှမေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းကြီး ကောင်းရာမွန်ရာမှာ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေ။ သူ့ကို အသင်းကလည်း အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်။ ဒီကိစ္စရပ်ကြီးနဲ့ပတ်သက်လို့ အမှန်တကယ်ခံစားနေခဲ့ရတဲ့ ဂျိုတာရဲ့မိသားစု၊ ဇနီးနဲ့ ကလေးငယ်တွေဆီလည်း ခွန်အားတွေ အများကြီးပေးချင်မိပါတယ်။ ဒီဖြစ်ရပ်ကြီးက အလွန်နာကျင်ခံစားရပါတယ်။ ဒီသတင်းကို စပြီးကြားသိလိုက်ချိန် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျက်ရည်တွေ ကျနေခဲ့ပါတယ်။ အရမ်းနာကျင်ခံစားရပါတယ်”လို့ ပြောပါတယ်။
အခုသီတင်းပတ်၊ အင်္ဂါနေ့မှစတင်ကာ လီဗာပူးကစားသမားအချို့ ရာသီကြိုအတွက် အသင်းဆီ ပြန်လည်ရောက်ရှိလာဖို့ရှိပေမယ့် အဓိကအားဖြင့် နိုင်ငံ့လက်ရွေးစင်တာဝန်မထမ်းဆောင်ရသူတွေနဲ့ တက်သစ်စလူငယ်ကစားသမားများစွာပဲ ပါဝင်လာပါလိမ့်မယ်။ လူးဝစ်ဒီယက်ဇ်ကတော့ ပီရူး၊ အာဂျင်တီးနားတို့နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကိုလံဘီယာနဲ့အတူ ရှိနေရမှာဖြစ်လို့ နောက်ပိုင်းမှသာ မာဆေးဆိုဒ်ဆီ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။