တန်ဟက်ရဲ့လက်ထောက်အဖြစ် ယူနိုက်တက်သို့ပြန်လာဖို့ ရှိနေတဲ့ နစ္စတယ်ရွိုင်း
ပီအက်စ်ဗွီနည်းပြဟောင်း နစ္စတယ်ရွိုင်းဟာ တန်ဟက်ရဲ့လက်ထောက်အဖြစ် အိုးထရက်ဖို့ဒ်သို့ ပြန်လာရန် ယူနိုက်တက်နှင့် ဆွေးနွေးနေပြီဖြစ်ပါတယ်။ နယ်သာလန်သားဟာ တန်ဟက်ရဲ့နည်းပြအဖွဲ့ဝင်တွေအတွက် အကောင်းဆုံးဖြစ်မယ်လို့ ကလပ်က သတ်မှတ်ထားကြောင်း ဖာဘရီဇီယိုရိုမန်နိုက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။
တန်ဟက်ကို နည်းပြအဖြစ် ဆက်လက်ထားရှိထားတဲ့ INEOS ရဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကလပ်ဟာ ၎င်းတို့ရဲ့ကိုယ်ပိုင်ကစားဟန်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေချိန်တွင် နည်းပြအဖွဲ့ဝင်တွေကို အပြောင်းအလဲပြုလုပ်လိုနေတာဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းဟာ ပီအက်စ်ဗွီကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့စဉ် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်များရှိခဲ့ပြီး ၂၀၂၃ တွင် KNVB ဖလားကို နိုင်ပွဲ ၆၅ % ဖြင့် ရရှိစေရန် အသင်းကို ကူညီပေးခဲ့ပါဝယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရာသီပိတ်သိမ်းဖို့ ၁ ပွဲလိုတဲ့အချိန်မှာ နယ်သာလန်ကလပ်မှ ထွက်ခွာခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် နစ္စတယ်ရွိုင်းဟာ အိုးထရက်ဖို့ဒ်တွင် ၄ နှစ်ကြာ ကစားခဲ့ပြီး ၂၁၇ ပွဲတွင် ဂိုးသွင်းပေါင်း ၁၅၀ သွင်းယူခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ကွန်ပနီရဲ့နေရာတွင် အစားထိုးရန် ဘန်လေနှင့် ဆွေးနွေးခဲ့သော်လည်း လက်ထောက်နည်းပြအဖြစ် ယူနိုက်တက်သို့ ပြန်သွားရန် နောက်တစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့ နယ်သာလန်သတင်းစာ Algemeen Dagblad က ပြောကြားထားပါတယ်။ နယ်သာလန်သားရဲ့ ပြန်လာမှုဟာ ပရိသတ်များကြားတွင်ရေပန်းစားမှာသေချာသော်လည်း အခြားနည်းပြအဖွဲ့ဝင်တွေအတွက် မေးခွန်းထုတ်စရာဖြစ်လာနိုင်ပါတယ်။
တန်ဟက်ရဲ့ ပထမဆုံးနွေရာသီတွင် လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မက္ကာသီရဲ့စာချုပ်က လာမယ့်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ သို့သော်လည်း တန်ဟက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ INEOS က သဘောတူညီခဲ့ရာတွင် ကိုယ်ပိုင်မှုတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် အပြောင်းအလဲများကို မြင်တွေ့လိုကြောင်း ပါဝင်နေပါတယ်။ တန်ဟက်ဟာ အသင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးနေပြီး လက်ရှိစာချုပ်က ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပါတယ်။