The network connection is lost.

Banner Image

မော်ရင်ဟိုရဲ့ ဖီနာဘာချီကို အနိုင်ယူခဲ့တဲ့ ဆိုးလ်ရှားရဲ့ ဘက်ဆစ်တက်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ အိုလီဂန်နာဆိုးလ်ရှားဦးဆောင်တဲ့ ဘက်ဆစ်တက်ဟာ ဟိုဆေးမော်ရင်ဟိုရဲ့ ဖီနာဘာချီကို ၀-၁ နဲ့အနိုင်ရခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဘက်ဆစ်တက်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မော်ရင်ဟို တော့တင်ဟမ်ကိုကိုင်တွယ်စဉ်က သူ့လက်အောက်မှာကစားခဲ့ဖူးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂတ်ဆန်ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ဆိုးလ်ရှားဟာ ဖီနာဘာချီကို ၂၂ နှစ်အတွင်း အဝေးကွင်းမှာ ပထမဆုံးအကြိမ်နိုင်ပွဲရယူနိုင်တဲ့ နည်းပြဖြစ်လာခဲ့ပြီး မော်ရင်ဟိုအတွက်တော့ တူရကီအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးနည်းလာခဲ့ပါတယ်။ ဖီနာဘာချီဟာ အမှတ်ပေးဇယားထိပ်ဆုံးက ဂါလာတာစာရေးနဲ့ ရမှတ် ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး ရာသီကုန်ဖို့က ၆ ပွဲသာလိုအပ်ပါတော့တယ်။ 

မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း ၂ ယောက်ဟာ ယခုအခါမှ ပထမဆုံးအကြိမ် ပြိုင်ဘက်တွေအဖြစ် တူရကီလိဂ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဆိုးရှားလ်ဟာ မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ယူနိုက်တက်နည်းပြရာထူးကို ဆက်ခံခဲ့သူဖြစ်ပြီး မော်ရင်ဟိုနည်းတူ အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအထိရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ယခင်က မော်ရင်ဟိုနဲ့ဆိုးလ်ရှားတို့ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့ဆုံခဲ့ကြဖူးပြီး ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ မော်ရင်ဟိုရဲ့ တော့တင်ဟမ်ကို ၃-၁ နဲ့အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဆိုးလ်ရှားက တော့တင်ဟမ်တောင်ပံကစားသမား ဆွန်ဟောင်မင်ကို ဒိုင်ဗင်ပစ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး မော်ရင်ဟိုကလည်း တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မတိုင်မီမှာလည်း အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက "တကယ်လို့ ဆွန်ဟောင်မင်သာ ကျွန်တော့်ရဲ့သားဖြစ်ခဲ့မယ်ဆိုရင် သူ့ကို အစာမကျွေးဘဲ အငတ်ထားမှာပါ။ ဒီလို ဒိုင်ဗင်ပစ်တဲ့လုပ်ရပ်က ရှက်စရာကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မော်ရင်ဟိုကလည်း "ဆွန်ဟောင်မင်တစ်ယောက် ဆိုးလ်ရှားရဲ့သားမဖြစ်ခဲ့တာကံကောင်းပါတယ်။ ပိုကောင်းတဲ့ဖခင်ဆီမှာ မွေးဖွားခဲ့လို့တော်ပါသေးတယ်။ကျွန်တော်ကိုယ်တိုင်လည်း ဖခင်တစ်ယောက်ပါ။ သားသမီးတွေ ဘာပဲလုပ်လုပ် ကျွန်တော်ကတော့ အစာကျွေးရမှာပါပဲ။ တကယ်လို့ ခိုးဝှက်ပြီး ကျွေးရမယ်ဆိုရင်တောင် ခိုးဝှက်ပြီးကျွေးရမှာပါပဲ" လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် ဆိုးလ်ရှားက "ဒီပွဲက မော်ရင်ဟိုနဲ့ ဆိုးလ်ရှားရဲ့ပွဲမဟုတ်ပါဘူး။ ဘက်ဆစ်တက်နဲ့ ဖီနာဘာချီရဲ့ပွဲပါ။ ကစားသမားတွေက ရလဒ်ကို အဆုံးအဖြတ်ပေးကြပါလိမ့်မယ်။ ကျွန်တော် မော်ရင်ဟို အရမ်းလေးစားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆိုးလ်ရှားဟာ ဘက်ဆစ်တက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ စတင်ကိုင်တွယ်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ပို့ဆောင်ပေးထားကာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။ ဖီနာဘာချီကတော့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားမှာဖြစ်ပေမယ့် မော်ရင်ဟို အသင်းမှာဆက်လက်ခန့်အပ်ဖို့တော့ မသေချာသေးဘူးလို့ သိရပါတယ်။