The network connection is lost.

Banner Image

အမှန်ကန်ဆုံးလုပ်ဆောင်ပြီး အရေးအကြီးဆုံးဖြစ်တဲ့ သုံးမှတ်ကို ရယူနိုင်ခဲ့တယ်လို့ ထုတ်ပြောလာတဲ့ ဗန်ဒိုက်

ဝက်စ်ဟမ်းကိုအနိုင်ယူကာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ ခြောက်မှတ်အကွာအထိ ရောက်ရှိလာပြီးနောက် ဗန်ဒိုက်က အမှန်ကန်ဆုံးအရာကို လုပ်ဆောင်နိုင်ခဲ့လို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။ ကြိုးကြာနီကပ္ပတိန်က ပွဲချိန် ၈၉ မိနစ်အဆုံးအဖြတ်အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူကာ တနင်္ဂနွေနေ့၊ အန်ဖီးလ်ပရိသတ်ရှေ့မှောက် အဖိုးတန်နိုင်ပွဲတစ်ခုကို ကူညီဖန်တီးပေးခဲ့ပါတယ်။ အခုနိုင်ပွဲနဲ့အတူ သူတို့အသင်းက လက်ကျန်ခြောက်ပွဲကစားရဖို့ကျန်ရှိချိန် အနီးဆုံးပြိုင်ဘက်ထက် ၁၃ မှတ်အထိ အသာရရှိသွားပါတယ်။ 

အနိုင်ဂိုးမသွင်းယူနိုင်ခင် မိနစ်အနည်းငယ်လောက်မှာ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်တို့အကြား နားလည်မှုလွဲမှားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဧည့်သည်ဝက်စ်ဟမ်းဆီ လူးဝစ်ဒီယက်ဇ်ရဲ့ပထမပိုင်းဦးဆောင်ဂိုးကို ကြေပျက်သွားစေမယ့်ချေပဂိုး ပေးအပ်ခဲ့ရပါတယ်။ ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “ ရော်ဘတ်ဆန်အော်ဟစ်နေတာကို ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမယ့် နားထောင်ပါ၊ ကံမကောင်းတဲ့အခိုက်အတန့်မျိုးမှာ ဒီလိုအရာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အရာတွေ လုပ်ဆောင်ရမယ့် အခိုက်အတန့်ဖြစ်လာတယ်ဆိုတာ ထင်ရှားလာပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။

ဒီလိုသွင်းယူနိုင်ဖို့ အကြိမ်များစွာ လေ့ကျင့်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း အရေးပါသူတစ်ဦးဖြစ်လာအောင် ကြိုးစားပါတယ်။ နောက်ဆုံးတော့ ဒီနေ့မှာ ကျွန်တော်က အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပွဲစဉ်ဆီ ဆက်သွားကြတာပေါ့။ ဒီနေ့မှာ ကျွန်တော့်ရဲ့လီဗာပူးကစားသမားဘ၀ လိဂ်ရာပြည့်နိုင်ပွဲကို ကပ္ပတိန်အဖြစ် ပါဝင်ခွင့်ရရှိလို့ ဂုဏ်ယူမိတယ်ဆိုတာ ကျွန်တော် ပြောပြနိုင်ပါတယ်။ ဟေးစ်ဘရော့နှစ်ပတ်လည်လည်းဖြစ်နေလို့ စိတ်လှုပ်ရှားဖွယ်နေ့ရက်တစ်ခုလည်း ဖြစ်ပါတယ်။

အဓိကရည်မှန်းချက်ကတော့ သုံးမှတ်အပြည့်ရရှိဖို့နဲ့ ကျွန်တော်တို့အားလုံးရဲ့အိပ်မက်ဆီ ခြေတစ်လှမ်း တိုးသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါအဓိကအရာပါပဲ။ ဒီကလပ်အသင်းကို ကျွန်တော် ဘယ်လောက်အထိချစ်မြတ်နိုးသလဲဆိုတာ လူတိုင်း သိပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့”လို့ ပြောပါတယ်။