
လီဗာပူးကစားသမားဘဝအနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဗန်ဒိုက်
လီဗာပူးကပ္ပတိန်ဗန်ဒိုက်က အခုဘောလုံးရာသီကုန်ဆုံးပြီးနောက် အသင်းမှာဆက်ရှိနေမလားဆိုတာ မသိရသေးပါဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အသက်-၃၃ နှစ်အရွယ်ဗဟိုခံစစ်မှူးက အခုရာသီကုန်ဆုံးချိန်မှာ စာချုပ်သက်တမ်းပြည့်မြောက်ဖို့ရှိနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ စာချုပ်သစ်မချုပ်ဆိုနိုင်သေးပါဘူး။
စာချုပ်သစ်အတွက် နှစ်ဖက်အကြား ဆွေးနွေးမှုတွေ ရှိနေပေမယ့် ဗန်ဒိုက်ကိုယ်တိုင်ကတော့ လီဗာပူးမှာ သူ့ရဲ့အနာဂတ်အတွက် အာမခံချက်အပြည့်အဝမရှိသေးဘူးလို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး သူက “အခုလောလောဆယ်ထိတော့ ကျွန်တော်လည်း ဘာမှမသိရသေးပါဘူး။ ဒါ တကယ့်အရှိတရားပါ။ တစ်စုံတစ်ဦးက သူတို့တော့ သိထားပြီးပြီလို့ ပြောလာမယ်ဆိုရင်လည်း အဲ့ဒါ ခင်ဗျားကို လိမ်ညာနေတာပါပဲ”လို့ ပြောပါတယ်။
လက်ရှိမှာ လီဗာပူးအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၁၅ မှတ်ဖြတ်ဦးဆောင်နေသလို လာမယ့်တနင်္ဂနွေနေ့၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် လိဂ်ဖလားဗိုလ်လုပွဲအတွက်လည်း ပြင်ဆင်နေကြပါတယ်။ ဗန်ဒိုက်ကိုယ်တိုင်ကလည်း စာချုပ်သစ်ကိစ္စသတင်းမှားတွေထက် ဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့အတွက်သာ အာရုံစိုက်နေပါတယ်။
သူက “ ၁၀ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ လက်ကျန်ကစားရမယ့်ပွဲစဉ်တွေဆီမှာပဲ ကျွန်တော် အပြည့်အဝအာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။ဆက်လက်ပြီး နောက်ခံလူက ခက်ခဲတဲ့အခိုက်အတန့်တွေဆီမှ သင်ယူရခြင်းရဲ့အရေးပါပုံကို ထောက်ပြရင်း ပီအက်စ်ဂျီကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်မှုမှ လီဗာပူးအသင်းပြန်လည်နိုးထလာမယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ဗန်ဒိုက်က “ဒီနေရာမှာ ကိုယ်ရရှိနိုင်မယ့် ဆုဖလားနှစ်လုံး ကျန်ရှိနေပါသေးတယ်။ ဒီအတွက် အရာအားလုံးကို ကျွန်တော်တို့ ပေးဆပ်သွားပါမယ်”လို့ ဆိုပါတယ်။