
ယူအေအီးကိုသရေကစားပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဥဇဘက်ကစ္စတန်
ကြာသပေတေးနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အာရှဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဥဇဘက်ကစ္စတန်ဟာ ယူအေအီးကို ၀-၀ နဲ့သရေကစားပြီး အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ၂၀၂၆ မှာကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းပေါင်း ၄၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပြီး ဥဇဘက်ကစ္စတန်ဟာ အီရန်နဲ့အတူ အုပ်စုရဲ့ဒုတိယနေရာမှာရပ်တည်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဥဇဘက်ကစ္စတန်အနေနဲ့ ယခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲကို ၇ ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇ ကြိမ်စလုံးကျရှုံးထားခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ဥဇဘက်ကစ္စတန်ဘောလုံးအဖွဲ့ချုပ်ဟာ အသင်းကို အင်အားတောင့်တင်းစေဖို့ လူငယ်ကစားသမားအများအပြားနဲ့တည်ဆောက်ခဲ့ပြီး ယခုအခါမှသာ ခြေစစ်ပွဲစတင်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အသင်းနည်းပြ ကာပတ်ဇီက "ရှည်လျားခက်ခဲတဲ့ခရီးစဉ်ကိုကျော်ဖြတ်နိုင်ခဲ့အပြီးမှာတော့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ရလဒ်တစ်ခုကို စတင်ရရှိခဲ့ပါပြီ။
အသင်းရဲ့ကစားသမားတွေအားလုံးအတွက် ဂုဏ်ယူပါတယ်။ ဒီအောင်မြင်မှုက အသင်းရဲ့အောင်မြင်မှုပဲမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးရဲ့အောင်မြင်မှုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကစားသမားတွေ ပွဲစဉ်တိုင်းမှာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ယှဉ်ပြိုင်ခဲ့ပြီး အရမ်းကြိုးစားခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ကာပတ်ဇီဟာ ဥက္ကဇဘက်ကစ္စတန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၁၉ ပွဲအထိကစားပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာလည်း ယူ-၂၃ အသင်းကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
ကာပတ်ဇီဟာ ယခင်ဥဇဘက်ကစ္စတန်နည်းပြ ဆရက်ကိုကာတာနက်ရဲ့ဖျားနာမှုကြောင့်လက်ရွေးစင်အသင်းနည်းပြရာထူးမှာ အစားထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ကာပတ်ဇီက "ပွဲမစခင်ကတည်းက အသင်းရဲ့ကစားသမားတွေက ဒီပွဲမှာ ရလဒ်ကောင်းတစ်ခုကိုဖန်တီးမယ်ဆိုတဲ့ယုံကြည်ချက်တွေကို ပြသခဲ့ပါတယ်။ ဒီလိုယုံကြည်ချက်က ကြီးလေးတဲ့တာဝန်နဲ့ ဖိအားတွေကိုဖြစ်စေတာတော့အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီဖိအားတွေကိုကျော်ဖြတ်နိုင်ခဲ့ပြီး တာဝန်ပြီးဆုံးအောင်ထမ်းဆောင်နိုင်ခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။