The network connection is lost.

Banner Image

လာလီဂါချန်ပီယံဖြစ်စေခဲ့တဲ့ ဘာစီလိုနာရဲ့လျှို့ဝှက်ချက်ကို ဟန်ဆီဖလစ် ထုတ်ဖော်ပြောကြား

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ၂၀၂၄-၂၅ ရာသီအတွက် လာလီဂါဆုဖလားကို ရာသီမကုန်မီ ၂ ပွဲအလိုမှာပဲ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ချန်ပီယံဖြစ်စေခဲ့တဲ့ အသင်းရဲ့ ထူးခြားချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

သောကြာနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ ကတ်တလန်ဒါဘီပြိုင်ဘက် အက်စ်ပန်ညိုကို ၀-၂ နဲ့အနိုင်ယူပြီး ၂၈ ကြိမ်မြောက်လာလီဂါအမှတ်ပေးဖလားကို ထိုက်ထိုက်တန်တန်သိမ်းပိုက်ခဲ့ပါတယ်။ ယခုဆုဖလားမတိုင်မီမှာလည်း ဟန်ဆီဖလစ်ရဲ့အသင်းဟာ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတွေကို ဆွတ်ခူးထားခဲ့ပြီးဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဖလစ်က "ကျွန်တော်တို့ ဒီလိုအောင်မြင်မှုရရှိခဲ့ခြင်းရဲ့ အဓိကသော့ချက်က အသင်းရဲ့တစ်ဦးချင်းတစ်ယောက်ချင်းစီးတိုင်းက သူတို့ရဲ့အလုပ်အပေါ်မှာ စိတ်အားထက်ထက်သန်သန် လုပ်ဆောင်ခဲ့ကြလို့ပါပဲ။ အားလုံးမှာ အရမ်းကောင်းတဲ့ စိတ်ဓာတ်နဲ့ အလုပ်ကြိုးစားချင်စိတ်ရှိကြပါတယ်။ ဒါက ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာလည်း အားလုံးသိကြပါတယ်"

"ဒီလိုစိတ်ဓာတ်တွေက ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေဆီကို အရောက်ပို့ပေးနိုင်ခဲ့တာပါ။ ကစားသမားတွေကြားက ရင်းနှီးမှုနဲ့ အဝတ်လဲခန်းထဲက အငွေ့အသက်ကလည်း အရမ်းပျော်စရာကောင်းပါတယ်။ ဒီလိုပျော်စရာကောင်းတာမျိုး အရင်က မတွေ့ခဲ့ဖူးပါဘူး။ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်ကြတာက အသင်းရဲ့ ထူးခြားချက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့မှာတော့ ဘာစီလိုနာဟာ သူတို့ရဲ့ဆုဖလားအောင်မြင်မှုအတွက် ဘက်စ်ကားနဲ့ လှည့်လည်အောင်ပွဲခံသွားမှာဖြစ်ပြီး အက်စ်ပန်ညိုရဲ့အိမ်ကွင်းမှာတော့ ၂၀၂၃ ခုနှစ်က ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့်  အောင်ပွဲခံသွားမှာမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ဇာဗီဟာနန်ဒက်ဇ်လက်ထက်မှာ ဘာစီလိုနာဟာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အက်စ်ပန်ညိုရဲ့ကွင်းမှာ အောင်ပွဲခံခဲ့ရာ ပေါက်ကွဲနေတဲ့ အက်စ်ပန်ညိုပရိသတ်တွေက ကစားသမားတွေဆီ အလုံးအရင်းနဲ့ပြေးလာပြီး ရန်မူဖို့ကြိုးစားခဲ့ကြပါတယ်။ 

ဆက်လက်ပြီး ဖလစ်က "လွန်ခဲ့တဲ့ ၂ နှစ်ကအဖြစ်အပျက်ကြောင့် ကျွန်တော်တို့ ဒီမှာတော့ အောင်ပွဲခံမှာမဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့ပရိသတ်တွေကို လေးစားတာကြောင့်လည်းပါပါတယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာတော့ အောင်ပွဲခံခဲ့ပြီးပါပြီ။ မနက်ဖြန်မှာတော့ အသေအချာအောင်ပွဲခံသွားမှာဖြစ်ပြီး ပရိသတ်တွေပြုံးပျော်နေတာမြင်ရတာ အရမ်းပျော်စရာကောင်းပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ 

မတ်လက ဆုံးပါးသွားခဲ့တဲ့ အသင်းရဲ့ဆရာဝန် ကားစ်မီနာရိုနဲ့ပတ်သက်ပြီးတော့လည်း ဖလစ်က "(အပေါ်ကလက်ညှိုးထိုးလျက်) ကားစ်က အဲဒီနေရာကနေ ကျွန်တော်တို့ကိုကြည့်နေမှာပါ။ ကျွန်တော်တို့အသင်းအတွက် သူအရမ်းဂုဏ်ယူနေပါလိမ့်မယ်။ ကျွန်တော်တို့သူ့ကိုသတိရပါတယ်။ သူက အသင်းရဲ့ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့နှလုံးသားရဲ့နေရာတစ်နေရာမှာ သူအမြဲတမ်းရှိနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။