The network connection is lost.

Banner Image

လီဗာပူးအသင်း ယူရိုပါလိဂ်ဖိုင်နယ်တက်ရောက်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်နေတဲ့ ယူအီးအက်ဖ်အေ

အိုင်ယာလန်နိုင်ငံရဲ့မြို့တော်ဆီ ပရိသတ်အလုံးအရင်းဝင်လာနိုင်မှုကြောင့် မေလ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ လီဗာပူးအသင်းအပါအဝင် အခြားဗြိတိန်ကလပ်အသင်းတွေ တက်ရောက်လာနိုင်မှုအပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စိုးရိမ်မကင်းဖြစ်နေပါတယ်။

The Independent သတင်းဌာနရဲ့အဆိုအရ ယူအီးအက်ဖ်အေက ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပရိသတ်တွေ အလုံးအရင်းဖြင့် ဒဗ္ဗလင်မြို့ဆီ ဝင်ရောက်လာနိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးပွားနေပြီး ခရိုကီပန်းခြံဧရိယာကို Fan Zone အဖြစ် အသုံးပြုခွင့်ရရှိရေး အိုင်းရစ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အခုဘောလုံးရာသီအတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ပရိသတ်ဦးရေ ၅၂,၀၀၀ ဆံ့ အေဗီဗာကွင်းကြီးမှာ ယှဉ်ပြိုင်ကစားစေဖို့ စီစဉ်ထားပြီး ခရိုကီပန်းခြံအနေဖြင့်လည်း Fan Zone အဖြစ် ပရိသတ် ၈၂,၀၀၀ ခန့်ကို ဧည့်ခံပေးသွားနိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒေသနယ်နမိတ်ချင်းထိစပ်နေမှုနဲ့ အိုင်းရစ်မြေရှိ လီဗာပူးအမာခံပရိသတ်တွေရဲ့ အင်အားတွေကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ အနီရောင်တပ်သားတို့ ရောက်ရှိလာနိုင်မှုကို ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေ ကြီးကြီးမားမားစိုးရိမ်ပူပန်နေကြပါတယ်။

ဒဗ္ဗလင်ခရီးစဉ်ကို ဝက်စ်ဟမ်း၊ ရိန်းဂျားစ်တို့လို နောက်ထပ်ဗြိတိန်အခြေစိုက်ကလပ်အသင်းတွေလည်း ရောက်ရှိလာမယ်ဆိုရင် တာဝန်ရှိသူတွေရဲ့စိုးရိမ်မှုကို နှစ်ဆတိုးပွားသွားစေပါလိမ့်မယ်။ လီဗာပူးကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲ အဆင့်ဆီ တက်ရောက်နိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုကို ပိုင်ဆိုင်ထားပြီး မေလမှာ ဆုဖလားကိုင်မြှောက်နိုင်မယ့် ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

အခုဘောလုံးရာသီ၊ ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်က အန်ဖီးလ်ကလပ်အတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးလမ်းကြောင်းမှာ အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒီနှစ်သင်းမတွေ့ဆုံခဲ့ရင် ပရီးမီးယားလိဂ်ကလပ်ရဲ့ဗိုလ်လုပွဲတက်ရောက်နိုင်ရေးအလားအလာ ပိုအားကောင်းလာနိုင်ဖွယ်ရှိပြီး ဒီပွဲစဉ်က ယာဂန်ကလော့ပ်ရဲ့ လီဗာပူး နည်းပြဘဝနောက်ဆုံး ပွဲစဉ်လည်း ဖြစ်လာပါလိမ့်မယ်။

ဒါတွေအားလုံးကတော့ ယူအီးအက်ဖ်အေ အပေါ်မှာသာ မူတည်နေပြီး ပွဲစီစဉ်ရာမှာ ညံ့ဖျင်းလေ့ရှိတဲ့ သူတို့ရဲ့ သမိုင်းကြောင်းအစဉ်အလာကြောင့် လာမယ့်မေလမှာလည်း နောက်ထပ်လွဲချော်မှုတစ်ခု ဖြစ်လာနိုင်မယ့် အလားအလာတွေ ပေါ်ပေါက်နေပါတယ်။