
ပီအက်စ်ဗွီသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတဲ့ မာလာစီယာ
မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူ တိုင်ယဲလ်မာလာစီယာဟာ ဆောင်းရာသီဈေးကွက်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ပီအက်စ်ဗွီသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီး စာချုပ်ပါအချက်အလက်တွေအရ ပီအက်စ်ဗွီဟာ ကစားသမားကို အပြီးသတ်ဝယ်ယူနိုင်ခွင့်လည်းရှိနေပါတယ်။
နယ်သာလန်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က ပေါ်တူဂီကလပ် ဘင်ဖီကာရဲ့ချိတ်ဆက်မှုတွေရှိနေခဲ့ပြီး ၆ လသက်တမ်းရှိအငှားစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပေမယ့် ယခုအခါမှာတော့ ပီအက်စ်ဗွီနဲ့သာ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ပီအက်စ်ဗွီဟာ ကစားသမားရဲ့လစာကို ရာသီကုန်အထိ အပြည့်အဝပေးချေသွားမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ လစာကိစ္စကို ပါဝင်ပတ်သတ်စရာမလိုဘူးလို့သိရပါတယ်။ ဒါ့အပြင် နယ်သာလန်ကလပ်ဟာ ရာသီကုန်မှာ မာလာစီယာကို ယူရို ၁၀ သန်းနဲ့အပြီးသတ်ခေါ်ယူခွင့်လည်းရရှိသွားမှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဖီယင်နုမှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာခဲ့တဲ့ မာလာစီယာဟာ အသင်းသို့စတင်ရောက်ရှိလာကတည်းက ဒဏ်ရာပြဿနာတွေနဲ့တောက်လျှောက်ရုန်းကန်နေခဲ့ရပြီး ပွဲထွက်ကစားခွင့် ပုံမှန်မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာလည်း ကစားသမားဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်အားလုံးနီးပါးကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာ ယူနိုက်တက်ဟာ မာလာစီယာနေရာမှာအစားထိုးဖို့ လက်ချီနောက်ခံလူ ပက်ထရစ်ဒေါ်ဂူကို ပေါင် ၂၅ သန်းနဲ့ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်လို့ ဘယ်နောက်ခံနေရာမှာ တိုးတက်မှုတွေ မြင်တွေ့ရမလား ဆက်လက်စောင့်ကြည့်သွားရပါမယ်။