ဒီမီရယ်ရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်ဟာ မျှတမှုမရှိဘူးလို့ တုံ့ပြန်တိုက်ခိုက်လိုက်တဲ့ တူရကီလက်ရွေးစင်အသင်း
ယူရို-၂၀၂၄ နောက်ဆုံး၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွင်း နောက်ခံလူ ဒီမီရယ်ရဲ့အောင်ပွဲခံမှုပုံစံ အတွက် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို တူရကီလက်ရွေးစင်အသင်းက တုံ့ပြန်တိုက်ခိုက်လိုက်ပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့၊ သြစတြီးယားကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ရှုံးထွက်ပွဲစဉ်မှာ ဒီမီရယ်က တူရကီအသင်းအတွက် နှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး နယ်သာလန်နဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် အသက်-၂၆ နှစ်အရွယ်ကစားသမားရဲ့ဒုတိယမြောက်ဂိုးသွင်းယူပြီးချိန် အောင်ပွဲခံမှုပုံစံဟာ မလျော်ကန်တဲ့အပြုအမူပုံစံမျိုးပဲဆိုတဲ့ စွဲချက်တွေနဲ့ ယူအီးအက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ရပါတယ်။ ဒီနောက်မှာတော့ အခုအပြုအမူအတွက် ဒီမီရယ်လ်ကို နှစ်ပွဲပယ်ပြစ်ဒဏ်ချက်ချင်းကျခံစေဖို့ ယူအီးအက်ဖ်အေဘက်မှ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီမီရယ်ရဲ့အောင်ပွဲခံမှုပုံစံက တူရကီလက်ယာစွန်းအုပ်စုဖြစ်တဲ့ Grey Wolves နဲ့ဆက်စပ်ပတ်သက်နေတဲ့ ‘ဝံပုလွေတစ်ကောင်ရဲ့အလေးပြုခြင်း’ပုံသဏ္ဍာန်ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ တူရကီအသင်းနည်းပြမွန်တဲလားနဲ့ ဘယ်အစွန်နောက်ခံလူ ကာဒီယိုဂလူတို့က ဒီမီရယ်အပေါ် ပွဲပယ်ပြစ်ဒဏ်ချမှတ်မှုကို ဝေဖန်ခဲ့ပြီး ဗဟိုခံစစ်မှူးရဲ့အောင်ပွဲခံမှုပုံစံဟာ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်စပ်ပတ်သက်မှုမရှိပါဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
လတ်တလောသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း မွန်တဲလားက “အခုပွဲပယ်ပြစ်ဒဏ်ဟာ တရားမျှတမှုမရှိဘူးလို့ ကျွန်တော်တို့ ယူဆထားပါတယ်။ ဒါက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမူအရာမျိုး မဟုတ်ပါဘူး။ ဒါကို အခုလိုမျိုး အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပေမယ့် ဘာကြောင့်ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော် ကောင်းကောင်းနားမလည်နိုင်ပါဘူး။ ဒါပေမယ့် အခုလိုမျိုးပြစ်ဒဏ်ချမှတ်မှုက တူရကီရဲ့ဂုဏ်သိက္ခာမာနကို မချိုးဖျက်ပစ်နိုင်ပါဘူး။ အမှန်တကယ်တော့ ကျွန်တော်တို့တွေ ပိုပြီး စိတ်အားထက်သန်သလို ပိုပြီးတော့ ဂုဏ်ယူလာမိပါတယ်။ ကျွန်တော်တို့အားလုံးရဲ့စိတ်တွေ အမြင့်ဆုံးအထိ တက်ကြွထက်သန်နေလိမ့်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောပါတယ်။
အလားတူ ကာဒီယိုဂလူကလည်း “ ဒီမီရယ်ရဲ့အောင်ပွဲခံမှုပုံစံက နိုင်ငံရေးနဲ့မသက်ဆိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူက တူရကီအသင်း ပရိသတ်တွေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ တူရကီသားတွေကို ဂုဏ်ပြုပေးချင်ခဲ့တာပါ။ အခုလိုပြစ်ဒဏ်ချမှတ်မှုက တရားမျှတမှု လုံးဝမရှိပါဘူး။ အမှန်ပါပဲ၊ အခုလို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတာ တကယ့်ကို စိတ်ပျက်စရာပါ။ ဒါပေမယ့် အခြားသူတွေကလည်း ဒီမီရယ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ကာ ပွဲစဉ်အတွက် အကောင်းဆုံး ယှဉ်ပြိုင်ကစားပေးပါလိမ့်မယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ယာစွန်း တူရကီအမျိုးသားရေးလှုပ်ရှားမှုပါတီခေါင်းဆောင် ဘာ့ဂျ်စီလီကလည်း အခုညပိုင်း၊ ဘာလင်မြို့မှာ ရော်နယ်ကိုးမန်းရဲ့ အသင်းနဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှုမပြုဘဲ တူရကီလက်ရွေးစင်အသင်း သပိတ်မှောက်သင့်တယ်လို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
သြစတြီးယားကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဒီမီရယ်လ်က အခုလိုအောင်ပွဲခံမှုပုံစံကို ဘာကြောင့်လုပ်ဆောင်ခဲ့သလဲဆိုတာ ရှင်းပြလိုက်ပါတယ်။
ဒီမီရယ်လ်က “ကျွန်တော့်မှာ တူရကီရိုးရာအမွေအနှစ်နဲ့ဆက်နွယ်တဲ့ အောင်ပွဲခံမှုပုံစံတစ်ခု ရှိပါတယ်။ ကျွန်တော်က တူရကီလူမျိုးဖြစ်ရတာကို ဂုဏ်ယူမိသလို အခုလိုဂိုးသွင်းပြီးချိန်မှာလည်း နက်နက်ရှိုင်းရှိုင်း ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဒါကို ထုတ်ပြချင်ခဲ့ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့အရာအတွက် အရမ်းကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ပရိသတ်တွေလည်း ကျွန်တော်တို့အတွက် ဂုဏ်ယူနေပါတယ်။ သူတို့တွေ အခုလိုအောင်ပွဲခံမှုပုံစံမျိုးကို ပွဲကြည့်စင်ပေါ်မှာ လုပ်ဆောင်နေတာ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒီတော့ ကျွန်တော် အခုလိုအောင်ပွဲခံမှုကို ပိုပြီးတောင် လုပ်ဆောင်လာချင်ပါတယ်”လို့ ပြောပါတယ်။
ဂျာမနီပြည်ထဲရေးဝန်ကြီးနန်စီဖေးဆာကတော့ အခုလိုတားမြစ်ထားတဲ့အရာတွေ ထပ်မံမပေါ်ပေါက်အောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ယူအီးအက်ဖ်အေဆီ တိုက်တွန်းလိုက်ပါတယ်။
X လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖေးဆာက “တူရကီလက်ယာစွန်းတွေရဲ့ သင်္ကေတတွေ ထုတ်ဖော်ဖို့ ကျွန်မတို့ရဲ့ဘောလုံးကွင်းကြီးတွေထဲမှာ နေရာမရှိပါဘူး။ လူမျိုးရေးခွဲခြားဖို့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးကို စင်မြင့်တစ်ခုအဖြစ် အသုံးချလာမှုက လက်သင့်ခံနိုင်စရာ လုံးဝမရှိပါဘူး”လို့ ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။