The network connection is lost.

Banner Image

ပေါ်တူဂီနဲ့ပွဲမှာ ဂူလာ ပွဲထွက်ပါဝင်နိုင်မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ တူရကီနည်းပြ

တူရကီရဲ့ ဆယ်ကျော်သက်ကြယ်ပွင့် အာဒါဂူလာဟာ ယူရိုအုပ်စုအဆင့် ပထမဆုံးပွဲစဉ် ဂျော်ဂျီယာကို ၃-၁ နဲ့အနိုင်ရခဲ့စဉ်မှာ အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း လက်ရှိအချိန်မှာ‌တော့ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပေါ်တူဂီနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်နိုင်မှာမဟုတ်ကြောင်း နည်းပြဖြစ်သူ ဗင်ဆင်ဇိုမွန်တဲလားက ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသက်-၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအစမှာလည်း ဒဏ်ရာပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပြီး ရာသီကုန်ခါနီးမှသာ ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ သို့‌သော်လည်း ရီးရဲလ်မက်ဒရစ်အတွက်ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ် ၅ ပွဲမှာ ဂူလာဟာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ လာလီဂါဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဂျော်ဂျီယာနဲ့ပွဲမှာလည်း ဂူလာဟာ ထူးခြားတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး သရေကျနေချိန် အသင်းအတွက် လိုအပ်နေတဲ့ဦးဆောင်ဂိုးကို လှပတဲ့အဝေးကန်ချက်နဲ့ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါသွင်းဂိုးကြောင့် လူငယ်ကစားသမားဟာ ၁၉ နှစ် ၁၁၄ ရက်နဲ့ ယူရိုပြိုင်ပွဲအတွင်း အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။

ဂူလာဟာ ရော်နယ်ဒိုတင်ထားတဲ့ အသက်အငယ်ဆုံး‌ဂိုးသွင်းသူစံချိန်ကို ကျော်ဖြတ်ခဲ့တာ‌ဖြစ်သော်လည်း ယခုလို အသက်-၃၉ နဲ့အရွယ်ကစားသမားနဲ့ ထိပ်တိုက်‌‌တွေ့ဆုံရာမှာတော့ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပွဲထွက်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ မွန်တဲလားက "ကံမကောင်းစွာနဲ့ပဲ ဂူလာရဲ့ ရုပ်ပိုင်းဆိုင်ရာက ၁၀၀ ရာခိုင်နှုန်း မကြံ့ခိုင်သေးပါဘူး။ လေ့ကျင့်ရေးကွင်းမှာလည်း ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ‌ပေါ်တူဂီနဲ့ပွဲမှာ သူ့ကို ပွဲထွက်ကစားသမားအဖြစ်ထည့်သွင်းနိုင်မှာမဟုတ်ဘဲ ပွဲပြီးကာနီးလောက်မှသာ အစားထိုးထည့်သွင်းနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မွန်တဲလားက ပေါ်တူဂီရဲ့ တိုက်စစ်က အလွန်ထက်မြက်တာကြောင့် ဒီပွဲမှာ ခံစစ်ကို အဓိကထားဆော့ကစားသွားမယ့်အကြောင်း ဆက်လက်ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်ကို ဒေါ့မွန်ရဲ့အိမ်ကွင်းမှာယှဉ်ပြိုင်သွားမှာဖြစ်ပြီး မွန်တဲလားက "ဒီပွဲက စိတ်လှုပ်ရှားစရာပွဲစဉ်ပါ။ ‌ပေါ်တူဂီရဲ့တိုက်စစ်ကို ထိန်းချုပ်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါ‌ပေမယ့် ပရိသတ်တွေအနေနဲ့ အလွန်အကျွံအောင်ပွဲခံတာမျိုးကမကောင်းပါဘူး။ ဒါကပွဲအပေါ်အာရုံစူးစိုက်မှုကို ပျက်စီးစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။