The network connection is lost.

Banner Image

လာဇီယိုနဲ့ ပွဲစဉ်အတွက် ဟယ်ရီကိန်းအပေါ် ၁၀၀ ရာခိုင်နှုန်း အားကိုးထားတယ်လို့ပြောကြားလာတဲ့ တူချယ်

ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူချယ်က လာဇီယိုနဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်နဲ့ပတ်သက်ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းအပေါ် အထူးတလည်တွန်းအားပေးဖို့မလိုအပ်ကြောင်းနဲ့ ကစားသမားအပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်အားကိုးထားတယ်လို့ ပြောကြားလာခဲ့ပါတယ်။
 
ဘိုင်ယန်မြူးနစ်ဟာ ပထမအကျော့မှာ လာဇီယိုကို ၁-၀ နဲ့ရှုံးနိမ့်ထားတာကြောင့် နောက်တစ်ဆင့်ကို တက်နိုင်ဖို့ဆိုရင် ဒီပွဲမှာအနည်းဆုံး ၂ ဂိုးအထိဂိုးပြတ် သွင်းယူနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တူချယ်ရဲ့အသင်းဟာ ပုံစံကောင်းရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာဖြစ်ပါတယ်။
 
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကိန်းကို တွန်းအားပေးဖို့ ဘယ်လိုတွေပြင်ဆင်ထားလဲလို့ မေးမြန်းခဲ့ရာ တူချယ်က "သူ့ကို ထပ်လောင်းပြီးတွန်းအားပေးနေဖို့မလိုပါဘူး။ သူ့ရဲ့ခြေစွမ်းကလည်း သံသယရှိစရာမလိုတဲ့ အခြေအနေပါ။ သူက အသင်းတိုင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။ သူက ဘယ်တော့မှ ကျယ်ကျယ်လောင်လောင် စကားပြောလေ့မရှိဘဲ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်တတ်တဲ့ လူတစ်ယောက်ပါ။ ကိန်းကို နည်းပြခွင့်ရတာက ကံကောင်းမှုတစ်ခုပါပဲ။ မနက်ဖြန်သူ အကောင်းဆုံး ယှဉ်ပြိုင်သွားပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို ၁၀၀ ရာခိုင်နှုန်း အားကိုးထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
 
ကိန်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါသို့ စတင်ရောက်ရှိလာချိန်ကတည်းက တောက်လျှောက်ဂိုးတွေ သွင်းနေပြီး ဂိုးသွင်းစံချိန်တွေကိုလည်း တစ်ခုပြီးတစ်ခု ချိုးဖျက်ထားနိုင်တာဖြစ်ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ဒီရာအစ ၁၆ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူပြီး သူ့ရဲ့တန်ကြေးနဲ့ ထိုက်တန်ကြောင်း သက်သေပြပြီးဖြစ်ပေမယ့် ယခုနှစ်ထဲမှာတော့ စုစုပေါင်း ၆ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။
 
လာမယ့် မတ်လ ၆ ရက်နေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ လာဇီယိုကို ဒုတိယအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲမဖြစ်မနေရရှိဖို့ လိုအပ်နေပါတယ်။