The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ကနေ ထုတ်ပယ်ခံရတော့မယ်လို့ သိခဲ့ရပေမယ့် စိတ်ပူပန်ခြင်းမရှိတဲ့ တူချယ်

ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူချယ်ဟာ အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ သိခဲ့ရတဲ့အချိန်မှာ စိတ်ပူပန်ခြင်းမရှိခဲ့ဘဲ ဖိအားကင်းတဲ့ပုံစံဖြစ်နေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
 
ချဲလ်ဆီးနည်းပြဟောင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးက အသင်းကနေ လာမယ့်နွေရာသီမှာ ထုတ်ပယ်ခံရတော့မယ်လို့ သိရှိခွင့်ရခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိအမှတ်ပေးဖလား အတွက် အဓိကပြိုင်ဘက် လေဗာကူဆင်ကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ လာဇီယိုနဲ့ ဘိုချမ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေ များလာခဲ့ပြီး ရာထူးကနေထုတ်ပယ်ခံရဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိအမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ထိပ်ဆုံးကလေဗာကူဆင်နဲ့ ၈ မှတ်အထိကွာဟနေပြီး ရာသီကုန်ဖို့က ၁၂ ပွဲသာ ကစားဖို့ကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါကြောင့် တူချယ်လ်ရဲ့အသင်းဟာ ၂၀၁၁-၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဘွန်ဒက်စ်လီဂါဖလားနဲ့ လွဲချော်မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
 
သတင်းတွေအရ တူချယ်ဟာ အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ ကြိုတင်တွက်ဆထားပြီးဖြစ်တယ်လို့သိရပါတယ်။ သို့သော်လည်း ဘိုချမ်ကို ရှုံးနိမ့်ပြီး မြူးနစ်သို့ပြန်လာချိန် လေယာဉ်ပေါ်မှာတော့ တူချယ်လ်ဟာ သာမန်ထက်ထူးခြားတဲ့ အမူအရာရှိနေခဲ့တယ်လို့ ကလပ်တာဝန်ရှိသူတွေက ဝန်ခံပြောကြားခဲ့ပါတယ်။
 
တူချယ်ဟာ အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ သိရှိထားပုံရပေမယ့် ရွှင်မြူးပြီး သက်တောင့်သက်သာရှိနေတဲ့ပုံပေါက်နေခဲ့တာဖြစ်ပါတယ်။ အသက်-၅၀ နှစ်အရွယ် နည်းပြဟာ ဝမ်းနည်းပူဆွေးခြင်းမရှိတဲ့အပြင် ရယ်ရယ်မောမောရှိနေခဲ့တာကြောင့် ဖိအားကနေ ကင်းလွတ်ပြီလို့ ယူဆနေခဲ့ပုံရပါတယ်။
 
ဘိုင်ယန်မြူးနစ်ရဲ့ဘုတ်အဖွဲ့အနေနဲ့လည်း တူချယ်ရဲ့နေရာမှာ အပြောင်းအလဲလုပ်ဖို့ လိုအပ်ကြောင်း နားလည်ထားကြပေမယ့် တာဝန်ယူဖို့သင့်တော်တဲ့ ယာယီနည်းပြကို ရှာမတွေ့တာကြောင့် ရာသီကုန်အထိ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့သတင်းတွေက ဖော်ပြထားပါတယ်။
 
ဒါကြောင့်ဘိုင်ယန်မြူးနစ်အကြီးအကဲတွေအနေနဲ့ အသင်းမှာခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ကစားသမားတွေကို ပြန်လည် ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပြီး တူချယ်ရဲ့ အနာဂတ်ကိုလည်း ရှင်းရှင်းလင်းလင်းအသိပေးခဲ့တာဖြစ်ပါတယ်။ တကယ်လို့အသင်းအနေနဲ့ လက်ရှိဆိုးဝါးနေတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ခြင်း မရှိဘူးဆိုရင်တော့ တူချယ်ကို ရာသီမကုန်ခင်မှာပဲ အသင်းကနေ ထုတ်ပယ်သွားဖို့ ဆုံးဖြတ်နိုင်တယ်လို့သိရပါတယ်။
 
လာမယ့်စနေနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် လိုက်ပ်ဇစ်ကိုအိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မတ်လ ၅ ရက်နေ့မှာတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် လာဇီယိုကို အိမ်ကွင်းမှာ ထပ်မံရင်ဆိုင်သွားရမှာဖြစ်ပါတယ်။