
ကွယ်လွန်ပြီးနောက် လီဗာပူး ကလပ်ဝက်ဘ်ဆိုက်ရဲ့ ထာဝရ လူစာရင်းနေရာဖြင့် ဂုဏ်ပြုခံရတဲ့ ဒီယေဂိုဂျိုတာ
ဒီယေဂို ဂျိုတာ ကွယ်လွန်ပြီးနောက် ပေါ်တူဂီလက်ရွေးစင် ကစားသမားအား လီဗာပူးက ကလပ်ရဲ့ လူစာရင်းတွင် အထူး "ထာဝရ" နေရာဖြင့် ဂုဏ်ပြုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဇူလိုင် ၃ ရက်နေ့က ညီဖြစ်သူ အန်ဒရေ ဆေးလ်ဗား နှင့်အတူ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုတာဟာ စပိန်မြောက်ပိုင်းကိုဖြတ်၍ သင်္ဘောဆိပ်ကမ်းသို့ ခရီးသွားစဉ် ကားမတော်တဆမှုတွင် ပါဝင်ခဲ့ပြီး အဆိုပါ သင်္ဘောဖြင့် အင်္ဂလန်သို့ ရာသီကြိုလေ့ကျင့်ရေးအတွက် ပြန်လာရန် စီစဉ်ထားခဲ့တာဖြစ်ပါတယ်။
ဂျိုတာ ကွယ်လွန်ကြောင်း သတင်းပျံ့နှံ့ပြီးနောက် ဝမ်းနည်းကြောင်း သဝဏ်လွှာများစွာ ရောက်ရှိလာခဲ့ပြီး သူနှင့်အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ကစားသမားများနှင့် နည်းပြများစွာက ဇာတိမြို့ ဂွန်ဒိုမာ၌ ပြုလုပ်တဲ့ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါတယ်။ လီဗာပူးက ကလပ်ရဲ့ နံပါတ် ၂၀ ဂျာစီကို အနားပေးတော့မယ်လို့ ကြေညာခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ "ဂျိုတာရဲ့ ဇနီး ရုတေး အပါအဝင် မိသားစုတို့နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ကလပ်က ဂျိုတာကို ဂုဏ်ပြုရန်နှင့် အမှတ်တရဖြစ်စေရန်အတွက် ကလပ်ရဲ့ အမျိုးသမီးအသင်းနှင့် အကယ်ဒမီအပါအဝင် အဆင့်အားလုံးတွင် နံပါတ် ၂၀ ကို အနားပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးဟာ ဂျိုတာကို ကလပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားတဲ့ လူစာရင်းတွင် ဆက်လက် ထည့်သွင်းထားပါတယ်။ ဂိုးသမားများ၊ နောက်ခံလူများ၊ ကွင်းလယ်လူများနှင့် တိုက်စစ်မှူးများစာရင်းရဲ့ နောက်တွင် ဂျိုတာအတွက် အထူး "ထာဝရ" နေရာတစ်ခု သီးသန့်ထားရှိထားပါတယ်။ ကစားသမားများစွာဟာ ကွင်းအတွင်း ဂုဏ်ပြုပွဲများဖြင့် ဂျိုတာအား ဂုဏ်ပြုခဲ့ကြပြီး ဂျိုတာ ကွယ်လွန်ကြောင်း သတင်းဆိုးရပြီးနောက် လီဗာပူးရဲ့ ပထမဆုံးပွဲမှာ ရာသီကြို ခြေစမ်းပွဲအဖြစ် ပရက်စတန်နော့အန့် နှင့် ရင်ဆိုင်ခဲ့ရပြီး ထိုပွဲတွင် ဂုဏ်ပြုမှုများ ပိုမိုပြုလုပ်ခဲ့ကြပါတယ်။