
ရိုးမားအတွက် မော်ရင်ဟိုရဲ့တောင်းဆိုမှုအပေါ် အားတက်သရောတုံ့ပြန်လာတဲ့ တော့တီ
ရိုးမားအသင်းရဲ့လူထုဆက်သွယ်ရေးတာဝန်ယူပေးဖို့ နည်းပြမော်ရင်ဟိုရဲ့တောင်းဆိုမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းလာမှုကို တော့တီက အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတစ်ခုနဲ့ ပြန်လည်ရင်ဆိုင်လိုက်ပါတယ်။
La Repubblica သတင်းစာရဲ့ လတ်တလောသတင်းတစ်ပုဒ်အရ မော်ရင်ဟိုဟာ ရိုးမားဂန္တဝင်ကပ္ပတိန်ဟောင်းကို အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူပေးဖို့ လိုလားနေတယ်လို့ သိရပါတယ်။ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေ ပေါ်ပေါက်လာချိန် မီဒီယာတွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ရိုးမားအသင်းမှာ သူတစ်ယောက်တည်းကသာ တာဝန်ယူထားရပြီး ဒီလိုဖြေရှင်းမှုတွေရဲ့နောက်ဆက်တွဲအဖြစ် ပွဲပယ်ပြစ်ဒဏ်နဲ့ ငွေဒဏ်တွေ ကျခံရလေ့ရှိတယ်လို့ မော်ရင်ဟိုက မကြာခဏ ပြစ်တင်ဝေဖန်လေ့ရှိပါတယ်။
လတ်တလော တော့တီအတွက် ဖန်တီးထားတဲ့ရာထူးက မော်ရင်ဟိုအတွက် အထက်ပါတာဝန်တွေကို အနည်းအကျဉ်းမျှ သက်သာစေပါလိမ့်မယ်။ ယမန်နေ့၊ ရောမမြို့မှာကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားတစ်ခုဆီ တက်ရောက်လာတဲ့တော့တီကို သတင်းထောက်တွေက ချစ်ရတဲ့ရိုးမားဆီ ပြန်သွားဖို့ ရှိသလားလို့ မေးမြန်းခဲ့ကြပါတယ်။
တော့တီက “သတင်းတွေလည်း ဖတ်ခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ ကျွန်တော့်ဆီ တစုံတရာ ပြောခဲ့ပါတယ်။ အခြေအနေတွေကို စောင့်ဆိုင်းပြီး ဘာတွေဖြစ်လာမလဲ ဆက်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး လာမယ့်ဘောလုံးရာသီ၊ ရိုးမားအသင်းရဲ့ အိုလံပီကိုကွင်းကြီးမှာ ခင်ဗျားကို မြင်တွေ့ရနိုင်မလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းကိုလည်း တော့တီက “လာမယ့်နှစ်၊ ကျွန်တော် အဲ့ဒီနေရာမှာ ရှိကောင်းရှိနိုင်ပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။