The network connection is lost.

Banner Image

အနာဂတ်နှင့် ပတ်သက်ပြီး ပြောကြားလိုက်တဲ့ တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက နည်းပြ အန်ဂီပိုစတီကိုဂလူရဲ့ လက်အောက်မှာ ဆိုးရွားတဲ့ရာသီဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ၁၈ ပွဲ ပွဲထွက်ကစားထားရာ ၄ ဂိုးသာ ဖန်တီးနိုင်ခဲ့တာကြောင့် ဂိုးပါဝင်ပတ်သက်မှုက ၉၉ မိနစ်မှာ ၁ ကြိမ်သာရှိခဲ့ပါတယ်။

သို့သော်လည်း သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး နိုဝင်ဘာလတုန်းက ခွဲစိတ်ကုသမှုခံယူခဲ့ရကာ အဆိုပါဒဏ်ရာတွေကြောင့် ဖေဖော်ဝါရီ လဝက်လောက်ကစပြီး သူ့ရဲ့ပွဲကစားချိန်က ၁၄၁ မိနစ်သာ ရှိခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းနှုန်းက အလယ်အလတ်သာရှိသော်လည်း ဒီနွေရာသီမှာ ဆော်ဒီသို့ ငွေကြေးအမြောက်အများဖြင့် ပြောင်းရွှေ့ဖို့ ထပ်တလဲလဲချိတ်ဆက်မှုများရှိနေပြီး ကစားသမားဟာ မြောက်လန်ဒန်မှာ ပျော်ရွင်မှုမရှိပါဘူးတာကြောင့် ဘရာဇီးကလပ်ဖြစ်တဲ့ ဗက်စ်ကိုဒါဂါမားသို့ ပြောင်းနိုင်တယ်လို့ သူ့ရဲ့ဇာတိရှိသတင်းတစ်ခုက ဖော်ပြထားပါတယ်။

အဆိုပါသတင်းတွေက အတုတွေသာဖြစ်ပြီး သူဟာ တော့တင်ဟမ်ကနေ ထွက်ခွာဖို့မရှိပါဘူးလို့ အဲဗာတန်တိုက်စစ်မှူးဟောင်းက ပြောကြားလိုက်ပါတယ်။ "ကျွန်တော့်ရဲ့အားလပ်ရက်ကို အဆုံးရှုံးခံပြီး ဆော်ပိုလိုမှာ လုပ်ဆောင်နေတာကြောင့် ကျွန်တော်က အကောင်းဆုံးပြန်လာပြီ လာမယ့်ရာသီအတွက် အဆင်သင့်ဖြစ်နေမှာပါ" "ဒီကလပ်မှာ မပျော်ဘူးလို့ ဘယ်တုန်းကမှ မပြောဖူးပါဘူး။ ဒီကမီဒီယာတွေက သတင်းထွက်လာတာဖြစ်ပြီး အတုတွေလို့ပဲ ပြောချင်ပါတယ်။ ဒါတွေဘယ်ကနေရလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး" "လာမယ့်ရာသီမှာ အင်္ဂလန်ကနေထွက်ခွာမှာမဟုတ်ပါဘူး" လို့ ဘရာဇီးသားက ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

နောက်ဆုံး ရရှိခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် သူဟာ တော့တင်ဟမ်ရဲ့နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ကိုပါအမေရိကအတွက် လူစာရင်းမှာပါ မပါဝင်နိုင်ခဲ့ပါဘူး။ တော့တင်ဟမ်ကနေ ထွက်ခွာဖို့အတွက် စဉ်းစားထားခြင်းမရှိကြောင်း ဒီလအစောပိုင်းတုန်းက ESPN ဘရာဇီးသို့ သူက ပြောကြားထားပါတယ်။

"ကျွန်တော်တို့က ပိုကောင်းအောင်လုပ်နိုင်ခဲ့ပြီး ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီထက် ပိုပြီး လုပ်နိုင်ခဲ့ပါတယ်" "ပြောင်းလဲမှုတွေအများကြီးရှိခဲ့ပြီး ဒါကို ကျွန်တော်ယုံကြည်ပါတယ်" "နည်းပြက ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတာကို ဒီတစ်ပတ်မှာ ကြေညာပြီးဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ကျွန်တော်တို့က ပိုမိုကေင်းမွန်တဲ့အသင်းအဖြစ် အတူတူလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ရစ်ချာလီဆန်က ပြောပါတယ်။

တော့တင်ဟမ်ဟာ အပြောင်းအရွှေ့မှာ ပထမဆုံး ကစားသမားဖြည့်တင်းမှုပြုလုပ်ထားပြီး ဒုတိယရာသီဝက်ကအငှားခေါ်ယူထားတဲ့ ဝါနာကို နောက်ထပ်တစ်ရာသီ အငှားခေါ်လိုက်တာပါ။

"လာမယ့်နှစ်မှာ တော့တင်ဟမ်ကစားသမား ဖြစ်လာရတဲ့အပေါ် ပျော်ရွင်မိပါတယ်။ လာမယ့်ရာသီအတွက် စောင့်မျှော်နေမိပါတယ်"လို့ ဂျာမန်သားက အငှားစာချုပ်ကို အတည်ပြုပြီးနောက် အင်စတာဂရမ်မှာရေးသားထားပါတယ်။ ရစ်ချာလီဆန်အတွက် ပြိုင်ဆိုင်မှုရှိစေဖို့ တော့တင်ဟမ်ဟာ နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေသလို တောင်ပံကစားသမားကိုလည်း ခေါ်ယူဦးမှာပါ။ နည်းပြကတော့ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။