လီဗာပူးနဲ့ပွဲစဉ်အတွင်း ကွင်းထဲမှာရုတ်တရက်လဲကျခဲ့တဲ့ ဘန်တန်ကာရဲ့အခြေအနေကို အသိပေးလာတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက ယနေ့နံနက် လီဗာပူးကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ကွင်းထဲမှာ ရုတ်တရက်လဲကျခဲ့တဲ့ အသင်းရဲ့ကွင်းလယ်လူ ရိုဒရီဂိုဘန်တန်ကာရဲ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ဥရုဂွေးလက်ရွေးစင်ဟာ ပွဲအစ ၉ မိနစ်မှာပဲ ရုတ်တရက်လဲကျခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ခဲ့ပါတယ်။ ဘန်တန်ကာဟာ လီဗာပူးရဲ့ဂိုးဘက်ခြမ်းမှာ ထောင့်ကန်ဘောကို ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ရာမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိခိုက်ခြင်းမရှိဘဲ မြက်ခင်းပြင်ပေါ်သို့ အရုပ်ကြိုးပျက်လဲကျသွားခဲ့တာဖြစ်ပါတယ်။
ကစားသမားဟာ လဲကျသွားပြီးနောက် ပြန်လည်ထမလာခဲ့ဘဲ ငြိမ်သက်နေခဲ့တာကြောင့် လီဗာပူးဂိုးသမား အလီဆန်ဘက်ကာအပါအဝင် အခြားကစားသမားတွေက သတိထားမိခဲ့ကြပြီး ဆေးအဖွဲ့ကို အသည်းအသန်ခေါ်ခဲ့ကြပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ကွင်းထဲမှာပဲ ဆေးကုသမှုခံယူခဲ့ရပြီး ဆေးအဖွဲ့က ထမ်းစင်နဲ့ခေါ်ထုတ်ခဲ့ပါတယ်။
ပွဲအပြီးမှာ ကစားသမားရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ပိုစတီကိုဂလူက “ကျွန်တော်သူ့အကြောင်းကို အသေးစိတ်မသိသေးလို့ အခုတော့မပြောချင်သေးပါဘူး။ ဒါပေမယ့် သူ သတိရှိနေတယ်ဆိုတာတော့သိပါတယ်။ သူ့ကို ဆေးရုံခေါ်သွားကြပါပြီ။ ဒါက ကျွန်တော်ကျွမ်းကျင်တဲ့အပိုင်းမဟုတ်ပါဘူး။ ခေါင်းဒဏ်ရာဆိုတာတော့ အတည်ပြုထားပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
တော့တင်ဟမ်အသင်းကလည်း ဘန်တန်ကာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် “ဘန်တာကာကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးကုသမှုတွေပြုလုပ်ထားပါတယ်။ သူ့သတိကောင်းကောင်းရနေတယ်ဆိုတာတော့ အတည်ပြုထားနိုင်ပါတယ်။ဆေးစစ်မှုတွေလည်း ဆက်လက်ပြုလုပ်သွားမှာပါ” လို့အသိပေးထုတ်ပြန်ထားပါတယ်။
လီဗာပူးကလည်း ကစားသမားနဲ့ပတ်သက်ပြီး “ဘန်တန်ကာအနေနဲ့ အမြန်ဆုံးပြန်လည်ကစားနိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ဆိုရှယ်မီဒီယာမှတစ်ဆင့် အားပေးစကားပြောကြားခဲ့ပါတယ်။