The network connection is lost.

Banner Image

လန်းစ်နောက်ခံလူ ကီဗင်ဒန်ဆိုကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟာ ပြင်သစ်လီဂူးကလပ်လန်းစ်အသင်းမှ ဗဟိုနောက်ခံလူ ကီဗင်ဒန်ဆိုကို ယူရို ၂၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတယ်လို့ ESPN သတင်းဌာနက ထုတ်ဖော်အသိပေးလာခဲ့ပါတယ်။  အသက်-၂၆ နှစ်အရွယ်ကစားသမားကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် ဝုဗ်ကလည်း ပစ်မှတ်ထားနေပေမယ့် တော့တင်ဟမ်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီး ၅ နှစ်ခွဲသက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ တော့တင်ဟမ်အနေနဲ့ အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် အတော်လေးရုန်းကန်နေရပြီး ယခုအခါမှာ နောက်တန်းပိုင်းကို အင်အားဖြည့်တင်းဖို့ စတင်အကောင်အထည်ဖော်လာခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအသင်းရဲ့အဓိက ဗဟိုခံစစ်မှူး ရာဒူဒရာဂူဆင်က ပြီးခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် နည်းပြအန်ဂျီပိုစတီကိုဂလူအနေနဲ့ နောက်ခံလူသစ်ခေါ်ယူပြီး အစားထိုးဖို့သာ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ရိုမေးနီးယားလက်ရွေးစင်ဟာ ဒူးခေါင်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။ 

ဒန်ဆိုဟာ ယခင်က ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်မှာကစားခဲ့ဖူးတာကြောင့် အင်္ဂလန်မြေဟာ သူ့အတွက်တော့ စိမ်းတဲ့နေရာတစ်ခုမဟုတ်ပါဘူး။ လန်းစ်အသင်းအတွက် ၁၂၈ ပွဲအထိကစားပေးထားတဲ့ ဒန်ဆိုဟာ ၂၀၂၂-၂၃ ရာသီက ပြင်သစ်လီဂူးတစ်ရာသီတာအကောင်းဆုံးအသင်းမှာ ပါဝင်ထားခဲ့သူလည်းဖြစ်ပါတယ်။ 

သတင်းတွေအရ တော့တင်ဟမ်ဟာ နောက်ထပ်ကစားသမားအချို့ ထပ်မံခေါ်ယူဖို့ပြင်ဆင်နေပြီး အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့အထိ ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့သိရပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ မကြာသေးမီက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလေး မာသီတဲလ်စ်ကိုခေါ်ယူဖို့ ယူရိုသန်း ၆၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချထားခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိထားခဲ့တဲ့တော့တင်ဟမ်ဟာ လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။