The network connection is lost.
ရီးရဲလ်မက်ဒရစ် ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်ဟာ နိုင်ငံတကာကစားသမားဘဝမှ အနားယူထားခဲ့ပြီဖြစ်သော်လည်း ယခုအခါမှာတော့ ဂျာမနီနည်းပြ ဂျူလီယန်နာဂယ်လ်မန်းရဲ့ တိုက်တွန်းချက်နဲ့အတူ နိုင်ငံအသင်းအတွက် လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ပြန်လည်ပါဝင်ကစားပေးတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ခရူးစ်ဟာ ဂျာမနီအသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားခဲ့ပြီး ထို့နောက်မှာတော့ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာ နာဂယ်လ်မန်းက ကစားသစားကို နိုင်ငံအသင်းမှာပြန်လည်ပါဝင်လာဖို့ ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲကို လာမယ့် ဇွန်လနဲ့ဇူလိုင်လတွေမှာ ဂျာမနီက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း အဓိကဖလားပြိုင်ပွဲတွေက စိတ်ပျက်ဖွယ်ရလဒ်တွေကိုအဆုံးသတ်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ခရူးအနေနဲ့လည်း ၂ နှစ်နီးပါးကြာ နိုင်ငံအသင်းနဲ့ ဝေးကွာနေပေမယ့် ခြေစွမ်းက ပုံမှန်အတိုင်း ကျဆင်းသွားခြင်းမရှိတာကြောင့် ဂျာမနီအသင်းအတွက် လိုအပ်နေတဲ့လူအင်အားကို အထောက်အကူကြီးကြီးမားမားဖြစ်လာစေဖို့ ရှိနေပါတယ်။
ကွင်းလယ်ကစားသမားက “ကျွန်တော် လာမယ့်မတ်လမှာ ဂျာမနီအသင်းနဲ့ပြန်လည် ပူးပေါင်းတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ နည်းပြကကျွန်တော့်ကို တောင်းဆိုလာခဲ့ပြီး ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရမယ်လို့လည်း ယုံကြည်နေလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။
ဂျာမနီဟာ လာမယ့်မတ်လမှာ ခြေစမ်းပွဲစဉ်တွေအဖြစ် ပြင်သစ်၊ နယ်သာလန်တို့နဲ့ကစားသွားရမှာ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာတော့ နာဂယ်လ်မန်းရဲ့အသင်းဟာ စကော့တလန်၊ ဆွစ်ဇာလန်၊ ဟန်ဂေရီတို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပါတယ်။
၂၀၁၄ ခုနှစ်မှာရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိလာပြီး ကစားသမားဘဝ အမြင့်ဆုံး အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့တိုနီခရူးစ်ဟာ စပိန်ကလပ်နဲ့အတူ ချန်ပီယံလိဂ် ၄ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၅ ကြိမ်နဲ့ လာလီဂါဖလား ၃ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်သို့မရောက်ခင် ဘိုင်ယန်မြူးနစ်မှာလည်း ကွင်းလယ်လူဟာ ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ်၊ ဂျာမန်ပိုကယ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။