
လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း ဗီလာရီးရဲလ်စတား အသနားခံ
အာဆင်နယ်စတားဟောင်း ပါတေးက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း အသနားခံလိုက်ပါတယ်။ အသက် ၃၂ နှစ်သားက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု ၅ ခုမှာအပြစ်မရှိသလို ကိုယ်ထိလက်ရောက်စော်ကားမှု ၁ ခုမှာလည်း အပြစ်မရှိဘူးလို့ အသနားခံခဲ့ပါတယ်။
ပါတေးဟာ လာမယ့် ၂၀၂၆ နိုဝင်ဘာ ၂ ရက်နေ့မှာ နောက်ထပ်တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပါတေးဟာ ဗီလာရီးရဲလ်အသင်းအတွက် တော့တင်ဟမ်နဲ့ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားပေးပြီးနောက် လန်ဒန်က တရားရုံးကို တက်ရောက်ခဲ့ပါတယ်။ အာဆင်နယ်စတားဟောင်းက သူ့နာမည်ကိုအတည်ပြုပြီးနောက် လိင်ပိုင်းဆိုင်ရာစွပ်စွဲတွေအတွက် အပြစ်မရှိဘူးလို့ အသနားခံခဲ့တယ်လို့ အက်သလက်တစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်တွေဟာ ၂၀၂၁ ကနေ ၂၀၂၂ အတွင်း အာဆင်နယ်မှာ ကစားနေစဉ်ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ပါတေးတစ်ယောက် လာမယ့်နှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ တရားထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပါတေးဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဗီလာရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အဲ့နောက် တော့တင်ဟမ်နဲ့ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ ပါတေးတစ်ယောက် ပွဲကစားချိန် ၇၈ မိနစ် လူစားလဲချိန်မှာ အိမ်ကွင်းပရိသတ်တွေရဲ့သရော်ခြင်းခံခဲ့ရပါတယ်။ ဗီလာရီးရဲလ်နည်းပြ မာဆယ်လီနိုကတော့ ပါတေးနဲ့ပတ်သက်ပြီး “ပါတေးတစ်ယောက် သူ့ရဲ့ဘောလုံးစွမ်းရည် ၊ လုပ်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ပါတယ်။ လူသားတစ်ဦးအနေနဲ့ သူပါဝင်ခဲ့တာကိုလည်း ပျော်ပါတယ်။
သူက အတွေ့အကြုံအများကြီးရှိတဲ့ကစားသမားကောင်းတစ်ဦးပါ။ သူက ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးသလို သူ့မှာထိပ်တန်းအဆင့်စွမ်းဆောင်ရည်ရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်”လို့ မာဆယ်လီနိုက ပြောကြားခဲ့ပါတယ်။ ပါတေးဟာ လာမယ့်ပွဲစဉ်တွေမှာလည်း လွတ်လပ်စွာကစားနိုင်မှာဖြစ်ပြီး စနေနေ့ အိုဆာဆူနာနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။