
တော့တင်ဟမ်မှထွက်ခွာဖွယ်ရှိတဲ့ ဆွန်ဟောင်မင်နဲ့ ရိုမဲရိုးအတွက် အစီအမံကို ထုတ်ဖော်လာတဲ့ သောမတ်စ်ဖရန့်ခ်
သောမတ်စ်ဖရန့်ခ်က တော့တင်ဟမ်နည်းပြဘဝအဖွင့်ရာသီကို ကပ္ပတိန်ဆွန်ဟောင်မင်၊ လက်ထောက်ကပ္ပတိန် ရိုမဲရိုးတို့နဲ့အတူ စတင်သွားနိုင်ဖို့ စိတ်ထဲမှာ အစီအစဉ်တွေ ရေးဆွဲနေပြီလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးကို အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းမှထွက်ခွာနိုင်ခြေရှိသူတွေ အဖြစ် သတ်မှတ်ထားကြပါတယ်။ လက်ရှိမှာ ဆွန်ဟောင်မင်ရဲ့စာချုပ်သက်တမ်းက ၁၂ လပင် မကျန်တော့သလို စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးတဲ့ ရိုမဲရိုးကိုလည်း အက်သလက်တီကိုမက်ဒရစ်က အပြင်းအထန်ချိတ်ဆက်လျက် ရှိနေပြန်ပါတယ်။
လတ်တလောမှာ အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ဆီ ဆွန်ဟောင်မင်ရော၊ ရိုမဲရိုးပါ ပြန်လည်ပူးပေါင်းလာပေမယ့် ထင်ကြေးပေးမှုတွေကတော့ ထုနဲ့ထည်နဲ့ရှိနေပါသေးတယ်။ ဒါပေမဲ့ သောမတ်စ်ဖရန့်ခ်က အနာဂတ်အတွက် အာမခံချက်အပြည့်မပေးနိုင်ပေမယ့် ဒီကစားသမားနှစ်ဦးနဲ့အတူ ကာလတိုလက်တွဲသွားနိုင်ဖို့ စိတ်ထဲမှာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း သောမတ်ဖရန့်ခ်က “ ထိပ်တန်းကစားသမားနှစ်ဦးပါ။ ဆွန်ဟောင်မင်က ဒီကလပ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ရှိနေခဲ့ပြီး နောက်ဆုံးမှာတော့ သူနဲ့ထိုက်တန်တဲ့ ဆုဖလားကို ရရှိသွားခဲ့ပါတယ်။ ရိုမဲရိုးဆိုတာလည်း ကမ္ဘာ့ဖလားချန်ပီယံ၊ ကိုပါအမေရိကချန်ပီယံဖြစ်ပြီး ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဒီကစားသမားနှစ်ဦးလုံး အကောင်းဆုံးလေ့ကျင့်ခဲ့ပြီး စံနှုန်းတွေလည်း ချမှတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံး မနက်ဖြန်၊ ရီဒင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားပါလိမ့်မယ်။ ကျွန်တော်တော့ အရမ်းပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။
ယခင်နည်းပြဟောင်းပိုစတီကိုဂလူလက်ထက်မှာ ဆွန်ဟောင်မင်ကို အသင်းကပ္ပတိန်အဖြစ် သတ်မှတ်ခဲ့ပြီး လက်ထောက်ကပ္ပတိန်သုံးဦးအဖြစ် ရိုမဲရိုး၊ မက်ဒီဆင်နဲ့ ဗီကာရီယိုတို့ကို ရွေးခဲ့ပါတယ်။ ဒါပေမဲ့ သောမတ်စ်ဖရန့်ခ်ကတော့ ရာသီကြိုကာလအတွင်း အသင်းခေါင်းဆောင်လက်ပတ်ကို ထိန်းသိမ်းပေးနိုင်မယ့် ဦးဆောင်သူတွေ ရှိနေရင်တောင် ရာသီသစ်အတွက် ကပ္ပတိန်တာဝန်နဲ့ပတ်သက်လို့ နောက်ဆုံးအချိန်မှသာ ထုတ်ပြောမယ်လို့ ရှင်းပြခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ ဘယ်သူ ကပ္ပတိန်ဖြစ်လာမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း အခုအချိန်အထိ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော့်အတွက် အသင်းခေါင်းဆောင်တာဝန်ထမ်းဆောင်နိုင်သူစာရင်း အများကြီးရရှိထားပါတယ်။ ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ မနက်ဖြန်ပွဲစဉ်မှာလည်း ကျွန်တော်တို့တွေ ၄၅ မိနစ်စာ နှစ်ပိုင်းကစားသွားရပါမယ်။ ဒီနှစ်ပိုင်းလုံးမှာ ဆွန်ဟောင်မင်ရော၊ရိုမဲရိုးပါ ကပ္ပတိန်တွေအဖြစ် ရှိနေပါလိမ့်မယ်။ အသင်းခေါင်းဆောင်လက်ပတ်နဲ့ပတ်သက်ပြီး အခုအချိန်အထိ မဆုံးဖြတ်ရသေးဘူး”လို့ ဆိုပါတယ်။
တော့တင်ဟမ်ပရိသတ်တွေကတော့ သောမတ်ဖရန့်ခ်အသင်းရဲ့ပထမဆုံးခြေလှမ်းကို လိဂ်ဝမ်းကလပ်ရီဒင်းနဲ့ ခြေစမ်းပွဲမှာ ပထမဆုံးမြင်တွေ့ရပါလိမ့်မယ်။ နောက်ထပ်စမ်းသပ်ချက်တွေအဖြစ် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားပွဲစဉ်မတိုင်ခင် လူတန်တောင်း၊ အာဆင်နယ်၊ နယူးကာဆယ်တို့ ရောက်ရှိလာပါလိမ့်မယ်။